သတိမမူ ဂူမမြင်ဆိုတဲ့ စကားလိုပဲ သတိမထားဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်စိတ်ခံစားချက်နဲ့ကိုယ် စာဖတ်ကြတဲ့အခါ အနက်လွဲ ကောက်မိတတ်ကြပါတယ်။ နောက်ထပ် အနက်လွဲ ကောက်မိတတ်တာကတော့ ဘဝအတွေ့အကြုံတွေအရ တချို့ဝေါဟာရတွေကို မူလအနက်ရင်းအတိုင်း မဟုတ်တော့ဘဲ ပြောင်းလဲ နားလည်သွားကြတတ်တာမျိုးပါပဲ။ နမူနာပြောရရင် ‘ပြည်ထောင်စု’ ဆိုတဲ့ စကားလုံးပေါ့။ တိုင်းပြည်ထောင်ကလေးတွေ စုထားတာမျိုး သဘောသက်ရောက်တဲ့ ဒီဝေါဟာရကို ‘တပြည်ထောင်သဘော အနှစ်သာရ’ မျိုးနဲ့ လည်ပတ်မောင်းနှင်ခဲ့တဲ့ နှစ်ကာလ ကြာရှည်လွန်းခဲ့တော့ ‘ပြည်ထောင်စု’ လို့ ကြားရင် ‘ဗဟိုချုပ်ကိုင်မှု’ လို့ တန်းပြီး အနက်ပြန်မိကြတဲ့အထိ ဖြစ်လာကြတာမျိုးပေါ့။
ဖြစ်ချင်တော့ ‘ဖက်ဒရယ်’ နဲ့ ‘ဒီမိုကရေစီ’ ဆိုတဲ့ ဝေါဟာရတွေမှာ မြန်မာဘာသာစကားနဲ့ အနက်ထင်ရှားအောင် ဘာသာပြန်ထားတာ မရှိနေရာက ကိုယ့်ဘာသာ နားလည်ချင်သလို နားလည်လိုက်ကြတာပါပဲ။ ခုတလော လူတချို့ မရှင်းလင်းနေတာဟာ ‘ဖက်ဒရယ်’ အုပ်ချုပ်ပုံစနစ်နဲ့ ‘ပြည်ထောင်စု’ သဘောတရား ဖြစ်ပါတယ်။ ဖက်ဒရယ်နိုင်ငံတွေကို ‘ပြည်ထောင်စု’ နိုင်ငံတွေလို့ ခေါ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတွေအဖြစ် လူသိများတဲ့ နိုင်ငံတွေမှာ အမေရိက၊ ကနေဒါ၊ ဂျာမနီ၊ ဩစတြေးလျ၊ အိန္ဒိယတို့ ပါပါတယ်။ လူသိနည်းတဲ့ နိုင်ငံတွေထဲမှာတော့ ယူအေအီး (အာရပ်စော်ဘွားများပြည်ထောင်စု) နဲ့ အီရတ်တို့ ပါပါတယ်။
ဖက်ဒရယ်နိုင်ငံတွေမှာ အစိုးရနှစ်ရပ် ရှိပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရပေါ့။ ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရလို့လည်း ခေါ်ရမှာပါ။ ဖက်ဒရယ်စနစ်ရော ကွန်ဖက်ဒရယ်စနစ်မှာပါ အဓိက အနှစ်သာရဟာ အဲဒီအစိုးရနှစ်ရပ်ကြားမှာ ဘယ်လိုကတိကဝတ်တွေထားပြီး နိုင်ငံ့အာဏာကို ကျင့်သုံးကြမလဲ ဆိုတာကို ဆုံးဖြတ်တဲ့ စနစ်ပါ။ တနည်းအားဖြင့် ဗဟိုအစိုးရလို့ ခေါ်ပေမဲ့ အထွေထွေအစိုးရသဘောဆောင်ပြီး သူ့မှာ လျော့နည်းတဲ့ အာဏာကျင့်သုံးပြီး ပြည်နယ်/ဒေသန္တရအစိုးရက ပိုအားကောင်းတဲ့ အာဏာကို ကျင့်သုံးရင် ကွန်ဖက်ဒရယ်စနစ်ပေါ့။ ပြည်နယ်/ဒေသန္တရအစိုးရထက် ဖက်ဒရယ်/ဗဟို/အထွေထွေအစိုးရက ပိုအားကောင်းတာဟာ ဖက်ဒရယ်စနစ်ပါပဲ။ အခု နားလည်နေကြပုံဟာ အဲဒီလိုမဟုတ်ဘဲ ကွန်ဖက်ဒရယ်ဆိုတာကို ခွဲထွက်တာ၊ ဖက်ဒရယ်က မခွဲထွက်တာ ဆိုတာမျိုး ဖြစ်နေတယ်လို့ သတိထားမိပါတယ်။ တချို့တွေ ပြောနေကြတာတွေကတော့ ဖက်ဒရယ်စနစ်မှာ ပြည်နယ်ဆိုတာ သီးခြားလွတ်လပ်တဲ့နိုင်ငံ သဘောမျိုး ဖြစ်နေတာပါ။
အထက်မှာပြောခဲ့သလို ဖက်ဒရယ်အုပ်ချုပ်ပုံစနစ်သုံးတဲ့ နိုင်ငံတွေကို ကြည့်ရင် ဒေသအလိုက် ပြည်နယ်အလိုက် ပြည်နယ်/ဒေသန္တရအစိုးရတွေ ရှိကြတာမှ အမေရိကမှာဆို ပြည်နယ် ၅၀ နဲ့ (ပြည်ထောင်စုပိုင်နယ်မြေ ၅ ခု) ထိ ရှိပါတယ်။ အမေရိကမှာ ကမ္ဘာပေါ်က လူမျိုးပေါင်း တသိန်းခြောက်သောင်းလောက် အကုန်နီးပါး မှီတင်းနေထိုင်ကြတာပါ။ ဖက်ဒရယ်ယူနစ်ရယ်လို့ ခွဲတဲ့အခါမှာ လူမျိုးအစုအဖွဲ့အလိုက် မခွဲထားပါဘူး။ အစပိုင်းမှာ ကွန်ဖယ်ဒရိတ်သဘော သီးခြားလွတ်လပ်နေတဲ့ ပြည်ထောင်တွေ (၁၃ ခု) က စုစည်းပြီး တည်ထောင်ခဲ့ကာ ပြည်နယ်/ဒေသန္တရအစိုးရတွေက အာဏာကို ပိုကျင့်သုံးခဲ့ကြပေမဲ့ စုပေါင်းလာတဲ့ ပြည်နယ်အရေအတွက်တွေ များလာပြီး နောက်ပိုင်းမှာ ဖက်ဒရယ်စနစ်ဖြစ်တဲ့ ဗဟိုဖက်ဒရယ်အစိုးရကို အာဏာပိုကျင့်သုံးစေတဲ့နည်းကို သုံးနေတာ အခုအထိပါပဲ။ ဘယ်နိုင်ငံက ဘယ်လူမျိုးကိုမဆို သူ့နိုင်ငံသားအဖြစ် ထီစနစ်နဲ့ လက်ခံတာ အပါအဝင် တခြားနည်းတွေနဲ့လည်း လက်ခံတာမှာ နာမည်ကြီးတဲ့ အမေရိကမှာ အမေရိကန်လူမျိုးရယ်လို့ မရှိပါဘူး။ အမေရိကန်နိုင်ငံသားရယ်လို့ပဲ ရှိပါတယ်။ လူမျိုးကတော့ တထောင့်တရာ့တပါး ဖြစ်ချင်တာ ဖြစ်နိုင်တာမျိုးပေါ့။
အိန္ဒိယမှာတော့ ဘာသာစကားပေါင်း ရာချီကွဲပြားသလို လူမျိုးစု (တိုင်းရင်းသားအစု) တွေ ဒါဇင်ချီ အများကြီး မှီတင်းနေထိုင်ကြပြီး ပြည်နယ်/ဒေသန္တရကို ၂၈ ခုနဲ့ (ပြည်ထောင်စုနယ်မြေ ၈ ခု) ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒီတော့ အမေရိကမှာ ဖက်ဒရယ်အစိုးရက တခု၊ ပြည်နယ်အစိုးရက အခု ၅၀ ရှိပြီး အိန္ဒိယမှာလည်း ဖက်ဒရယ်အစိုးရက တခု၊ ပြည်နယ်အစိုးရက ၂၈ ခု ရှိပါတယ်။ အိန္ဒိယမှာတော့ ပြည်နယ်တွေဟာ ဘာသာစကားမတူတဲ့ လူမျိုး၊ တိုင်းရင်းသားတွေ ပျံ့နှံ့နေထိုင်ပါတယ်။ ဒီမှာလည်း ပြည်နယ်နာမည်တွေက လူမျိုးနာမည်တွေ မဟုတ်နေသလို ပန်ဂျပ်သား၊ အာသံသူ ဆိုရင် အညာသား၊ အကြေသူလို ဒေသသား/သူသဘောပဲ ဖြစ်ပါတယ်။ ဘာသာစကားမှာတော့ ပြည်နယ်အလိုက် ကွဲပြားတဲ့ ဘာသာစကားတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံသားတွေက ဘာသာစကား နှစ်မျိုးလောက် အနည်းဆုံး ပြောနိုင်ကြပါတယ်။ ဒေသသုံး ဘာသာစကားနဲ့ ကိုယ့်လူမျိုး ဘာသာစကား ဆိုတာမျိုးပေါ့။ ကယ်ရာလာပြည်နယ်မှာ နေထိုင်တဲ့ နာဂတိုင်းရင်းသူဆိုရင် နာဂစကား (အိန္ဒိယနိုင်ငံသားနာဂ) အပြင် တနိုင်ငံလုံး အသုံးများတဲ့ ဟင်ဒီဘာသာစကား၊ ကယ်ရာလာပြည်နယ်သုံး မာလာယာလမ်၊ တူလူ စတဲ့ ဘာသာစကားတွေထဲက တခုခု အဲဒီလို စကားတွေ တတ်မြောက်ကြတာမျိုးပါ။
ဒီနေရာမှာ သတိပြုဖို့က ဖက်ဒရယ်ပဲ သွားသွား၊ ကွန်ဖက်ဒရယ်ဘဲ သွားသွား အစိုးရနှစ်ရပ် ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီ ပြောခဲ့တဲ့ နှစ်နိုင်ငံလုံးမှာ လူမျိုးတွေ ပျံ့နှံ့နေထိုင်တာဟာ သိပ်ကျယ်ပြန့်လို့ လူမျိုးတမျိုးမျိုး တိုင်းရင်းသားတခုခုရဲ့ နယ်မြေအဖြစ် သတ်မှတ်တာမျိုး မလုပ်ထားဘဲ နိုင်ငံတွင်း ဘယ်ဒေသမှာနေနေ ဘာလူမျိုးပဲဖြစ်ဖြစ် တန်းတူညီမျှမှု ရစေရမယ်ဆိုတဲ့ အာမခံမှုကိုပဲ အလေးထားကြပါတယ်။ အစိုးရနှစ်ရပ်လုံးကို လူထုက အခွန်ဆောင်ရပြီး အစိုးရနှစ်ရပ်လုံးကလည်း သူ့အာဏာ၊ သူ့လုပ်ပိုင်ခွင့်ဘောင်ထဲကနေ ဘယ်သူ့ကိုမဆို တန်းတူထားပြီး လေးစားပါတယ်။ လူမျိုးအလိုက် ဘာသာတရားအလိုက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ သက်ဆိုင်ရာ ဘာသာစကားတွေကို စိုးရိမ်ကြောင့်ကြစရာ မလိုဘဲ ကျင့်သုံးပြောဆိုနိုင်အောင်လည်း အစိုးရနှစ်ရပ်စလုံးကပဲ အာမခံပေးရပါတယ်။
ဒီတော့ ဖက်ဒရယ်အစိုးရဆိုတာ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ်စနစ်၊ ငွေကြေးစနစ်တွေကို အာမခံပေးရတဲ့ အထွေထွေအစိုးရမျိုးသာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရကတော့ ဒေသအလိုက် လိုအပ်ချက်တွေနဲ့အညီ ဒေသခံလူထုကို ဖြူဖြူမည်းမည်း ဘာလူမျိုး ဘာ ဘာသာဖြစ်ဖြစ် ဝန်ဆောင်မှု ပေးရတာမျိုးပါပဲ။
တကယ်တော့ ကမ္ဘာမှာ ကွန်ဖယ်ဒရိတ်နိုင်ငံရယ်လို့ ဟုတ်တိပတ်တိမရှိဘဲ ဖက်ဒရယ်နိုင်ငံတွေပဲ များပါတယ်။ ဖက်ဒရယ်ဟာ ခွဲထွက်တာလို့ မှားယွင်း နားလည်လာကြရာက အခုတခါ လွတ်လပ်တဲ့ သီးခြားနယ်မြေတခု၊ လူမျိုးအလိုက် ထူထောင်သတ်မှတ်ထားရတဲ့ ဒေသတခုကို လူမျိုးတူအစိုးရက အုပ်ချုပ်တဲ့စနစ်လို့ လွဲမှား အနက်ဖွင့်လာကြပြန်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုပြီး တပြည်ထောင် အနှစ်သာရနဲ့ လက်နက်ကိုင်စစ်အစိုးရ အဆက်ဆက်က အုပ်ချုပ်ခဲ့လေတော့ ‘ပြည်ထောင်စု’ ဝေါဟာရရဲ့ အနှစ်သာရကို မသိခဲ့ရဘဲ နာမည်ကြားတာနဲ့ ‘ဗဟိုချုပ်ကိုင်မှု’ ကို ဆိုလိုတာပဲလို့ အနက်ဖွင့် လွဲခဲ့ကြရပါတယ်။ ဖက်ဒရယ်စနစ်ကို သီးခြားစီ ရပ်တည်နေတဲ့၊ လွတ်လပ်နေတဲ့ ပြည်ထောင်လေးတွေက စုစည်းတည်ထောင်တဲ့ ပုံစံမျိုးနဲ့ သွားနိုင်သလို တပြည်ထောင်သဘော ဖြစ်နေတဲ့ နိုင်ငံအဖြစ်ကနေ ပြည်နယ်/ဒေသန္တရအစိုးရတွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို သတ်သတ်မှတ်မှတ် ပိုင်းခြားသဘောတူထားတဲ့အတိုင်း ပြည်ထောင်လေးတွေသဘော ပြန်လည်ပြဋ္ဌာန်း (ခွဲခြားသတ်မှတ်) ပြီးလည်း သွားနိုင်ပါတယ်။
နှစ်ပေါင်းများစွာ တပြည်ထောင်သဘောဆန်ဆန် ရွေ့လာခဲ့တဲ့ ဒီနိုင်ငံအနေနဲ့တော့ ကွန်ဖယ်ဒရိတ်သဘော လုပ်ဖို့ထက် ဖက်ဒရယ်သဘော လုပ်ဖို့ကသာ ပိုလွယ်ကူမှာပါ။ အဓိကအကြောင်းရင်းကတော့ လူဦးရေပျံ့နှံ့မှုက သိပ်နက်ရှိုင်းသွားပြီး လူမျိုးအရ သီးခြားနယ်မြေထူထောင်လို့ မရနိုင်တဲ့လူတွေ အများကြီး ရှိနေပါတယ်။ အထူးသဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်လို ဘာသာတရားတွေကို ကိုးကွယ်ကြတဲ့၊ ဗမာအပါအဝင် တခြားတိုင်းရင်းသား လူမျိုးစုထဲ အကျုံးမဝင်နေတဲ့ ဘာသာရေး လူနည်းစုတွေပါ။ ဒါကြောင့် တကယ်တမ်း အနာဂတ်အတွက် ပြည်ထောင်စုဖွဲ့စည်းပုံကို ပြောကြတဲ့အခါ လူမျိုးကိုအခြေခံတဲ့ ဖက်ဒရယ်စနစ် တခုတည်းကိုပဲ ဦးစားပေး ဆွေးနွေးနေကြတာဟာ လက်တွေ့မကျနေဘူးလို့ မြင်ပါတယ်။ လူမျိုးကိုအခြေခံတဲ့ ဒေသတွေနဲ့ အခြေမခံတဲ့ ဒေသတွေရယ်လို့ နှစ်မျိုးအရော ဖက်ဒရယ်ယူနစ်တွေကိုလည်း စဉ်းစားကြဖို့ ပညာရှင်တချို့က ထောက်ပြကြတာလည်း ရှိပါတယ်။
လူတယောက်ချင်းစီရဲ့ ရပိုင်ခွင့်နဲ့ တန်းတူညီမျှမှုကို အာမခံပေးတဲ့ နိုင်ငံမျိုး ဖြစ်ဖို့က လူမျိုးအခြေခံပြီး ဖက်ဒရယ်နိုင်ငံ တည်ထောင်ဖို့ထက် ပိုအရေးကြီးလှပါတယ်။ တယောက်ချင်းစီအတွက် အာမခံချက်မရှိဘဲ လူမျိုးတမျိုးမျိုးဖြစ်မှ နိုင်ငံရေးတန်းတူခွင့် ရနိုင်တယ်လို့ နားလည်သွားကြရင် လွန်ခဲ့တဲ့ ဆယ်နှစ်မပြည့်တပြည့်ကမှ ပေါ်လာတဲ့ မုန်းဝန်း (ဗမာ) ဆိုတဲ့ လူမျိုးအသစ်လို လူမျိုးနာမည်အသစ်တွေ ထပ်ထပ်ပေါ်လာပြီး နယ်မြေတောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်း ဆိုတဲ့ ဖော်မြူလာမျိုးတွေ ဖြစ်လာနိုင်တာကိုး။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုရာမှာ ဖက်ဒရယ်ပြည်ထောင်စုအတွင်း ပြည်နယ်/ဒေသအလိုက် အုပ်ချုပ်ရေးထက် ကိုယ့်လူမျိုးနဲ့ ကိုယ့်နယ်မြေ ဆိုတာကို ကန့်သတ်ပြောဆိုလာတဲ့အခါ ဖက်ဒရယ်သဘောထက် လုံးဝလွတ်လပ်ရေးသဘောမျိုး သက်ရောက်လာပါတယ်။ ကျမ တကိုယ်ရည်အနေနဲ့က လွတ်လပ်ရေးလိုချင်တယ် ဆိုလည်း လွတ်လပ်ရေးယူမယ်လို့ ထုတ်ပြောတာမျိုးကို ပိုသဘောကျပါတယ်။ သူ့လူမျိုးလူထုက သဘောတူကြရင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အသေးစိတ်ကို ချပြ ဆွေးနွေးကြပြီး လူထုဆန္ဒခံယူပွဲမှာ အဆုံးအဖြတ် ပေးကြရုံပါပဲ။ အဲဒီလိုမဟုတ်ဘဲ ဖက်ဒရယ်စနစ်၊ ပြည်ထောင်စုစနစ်ကို သွားကြမယ် ဆိုရင်လည်း စစ်မှန်တဲ့ ဖက်ဒရယ်အုပ်ချုပ်မှုပုံစံကို အများလူထု နားလည်အောင် ရှင်းပြပြီး သဘောထား တောင်းခံတာက ပိုကောင်းပါမယ်။ ကိုယ်အနက်ဖွင့်ချင်သလို ဖွင့်ထားတာကို ပြောပြီး ဖက်ဒရယ်စနစ်ဆိုတာ လူမျိုးကိုပဲ အခြေခံရမလိုဖြစ်အောင် ပြောဆိုကြတာဟာ အန္တရာယ်များပါတယ်။
ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုအစိုးရ၊ ဖက်ဒရယ်အစိုးရကို နိုင်ငံအဆင့်အစိုးရအဖြစ် နိုင်ငံတကာက ဆက်ဆံ သဘောထားကြတာလည်း ထုံးစံပါ။ အဲဒီ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေကို ဘယ်လိုဖွဲ့ကြမလဲ ဆိုတာကိုလည်း အားလုံးရဲ့ သဘောထားနဲ့ ဆုံးဖြတ်ကြဖို့ပါ။ ရွေးကောက်ခံချည်းသက်သက် ဒါမှမဟုတ် လူမျိုးတမျိုးမျိုးချည်းသက်သက် မဆုံးဖြတ်ဘဲ အားလုံးဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြဖို့ ဖြစ်ပါတယ်။ ပြည်နယ် ဒေသန္တရ အစိုးရတွေဟာ ပြည်ထောင်စုအစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာ နေရတာမျိုး မဟုတ်ပါဘူး။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် ဒေသန္တရ အစိုးရတွေကြားမှာ ဖြစ်စေ ပြည်နယ် ဒေသန္တရ အစိုးရအချင်းချင်းကြားမှာ ဖြစ်စေ အာဏာခွဲဝေမှုကို အချိုးအစား ညီမျှစွာဖြစ်ဖြစ်၊ အချိုးအစား မညီမျှစွာဖြစ်ဖြစ် အားလုံး အကျေအလည် ဆွေးနွေးဆုံးဖြတ်ပြီး သတ်မှတ်ပြဋ္ဌာန်းကာ လိုက်နာဆောင်ရွက်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်အုပ်ချုပ်မှုစနစ်မှာ အထက်နဲ့အောက် ဒေါင်လိုက်ဆက်ဆံရေး မရှိပါဘူး။ ရေပြင်ညီ အလျားလိုက် ဆက်ဆံရေးသာ ရှိပါတယ်။ အမေရိက၊ ဩစတြေးလျလို ဖက်ဒရယ်နိုင်ငံတွေမှာ နေထိုင်တဲ့ မြန်မာပြည်ဖွားတွေက ဒါကို တွေ့ကြုံ နားလည်ကြမှာပါ။ အဲဒီလို ကိုယ်တိုင် ဖြတ်သန်းနေကြပေမဲ့ မြန်မာပြည်ကိစ္စလည်း ကျရော မြန်မာ့နည်း မြန်မာ့ဟန် ဖက်ဒရယ်ဆိုပြီး ထွင်ချင်နေကြလို့တော့ မဖြစ်ပါဘူး။
နောက်တခုက ဒီမိုကရေစီပါ။ ဖက်ဒရယ်ဆိုတာ အစိုးရတွေကြားက ကတိကဝတ်ဖြစ်ပြီး ဒီမိုကရေစီကတော့ အစိုးရနဲ့ ပြည်သူကြားက ကတိကဝတ်ပါ။ ဖက်ဒရယ်မှာ အစိုးရချင်းကြား ဆက်ဆံရေးဖြစ်ပြီး ဒီမိုကရေစီကတော့ အစိုးရနဲ့ ပြည်သူကြားက ဆက်ဆံရေးပါ။ လူထုအတွက် ဒီမိုကရေစီဟာ သိပ်အရေးကြီးပါတယ်။ ဖက်ဒရယ်က ပိုအရေးကြီးပြီး ဒီမိုကရေစီမလိုဘူး ဆိုရင်တော့ ကျမတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စုကို အားကျလိုက်ကြဖို့ပဲ ရှိပါမယ်။ ခုနစ်ပြည်ထောင် စော်ဘွားများရဲ့ နန်းဆက်ခံအုပ်ချုပ်သူတွေက ကိုယ့်ပြည်ထောင်၊ ကိုယ့်ဖက်ဒရယ်ယူနစ်ကို ကိုယ့်ဘာသာ မျိုးရိုးစဉ်ဆက် အုပ်ချုပ်ကြတဲ့ စနစ်ပေါ့။ သူလည်း ပြည်ထောင်စု၊ ဖက်ဒရယ်ပဲလေ။ လူထုရဲ့ အခန်းကဏ္ဍကို အုပ်ချုပ်ခံအဖြစ်ပဲ သဘောထားပြီး စောင့်ရှောက်ပေးတဲ့သဘောသာ ရှိကာ လူ့ရပိုင်ခွင့်နဲ့ လွတ်လပ်မှုတွေ ဆိတ်သုဉ်းနေတဲ့၊ ငွေကြေးကြွယ်ဝလို့ လူတန်းစေ့နေနိုင်အောင် လုပ်ပေးထားပေမဲ့ ပြည်သူ့လွတ်လပ်မှုကို မပေးထားတဲ့ ယူအေအီးလို ဖက်ဒရယ်မျိုးကတော့ ဒီမိုကရေစီ မပါတဲ့ ဖက်ဒရယ်မျိုးပေါ့။ လူမျိုးအခြေခံတဲ့ ဖက်ဒရယ်ကို အဲဒီလို ဒီမိုကရေစီ မပါဘဲ အုပ်ချုပ်မယ်ဆိုရင် ဘယ်လူမျိုးလူထုတွေက သဘောတူ ကြည်ဖြူကြမလဲတော့ မသိပါဘူး။
ဒီတော့ ရှေ့ဆောင်းပါးတွေမှာ ပြောခဲ့တာတွေကို ပြည်ထောင်စု မခွဲထွက်ရေးနဲ့ ဗဟိုချုပ်ကိုင်ရေးကို ဦးတည်တယ်လို့ မှားယွင်းစွာ ကောက်ချက်ချနေကြတာ တွေ့ရပါတယ်။ လူမျိုးရေးဆန်တဲ့ အနက်ဖွင့်မှုတွေလည်း တွေ့ရတယ်။ ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့အခါ လူမျိုးအလိုက် ဒေသအလိုက် ခံယူနေကြတာအပြင် ပြည်ထောင်စုအလိုက် သဘောထားကိုလည်း ခံယူကြရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအလိုက် သဘောထားမပါဘဲ အမေရိက၊ အိန္ဒိယ၊ ဂျာမနီတွေ မဖြစ်နိုင်သလို ယူအေအီးရယ်လို့လည်း မဖြစ်နိုင်ပါဘူး။ ဖက်ဒရယ်ကို ဒီမိုကရေစီနဲ့ ပူးတွဲကျင့်သုံးမသုံးဟာ ပြည်ထောင်စုတစုံလုံးက ဆုံးဖြတ်ပြီး ပြည်နယ် ဒေသန္တရအားလုံးမှာ တပြေးညီ လက်ခံကျင့်သုံးရမှာမျိုးပါ။
မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို သဘောပေါက် နားလည်တဲ့ ချက်နိုင်ငံအခြေစိုက် တက်ကြွလှုပ်ရှားသူ အီဂေါဘလာဆာဗစ်ချ်က ‘မြန်မာနိုင်ငံမှာ ဗဟိုအစိုးရ မတည်ရှိတော့ဘူး ဆိုတာမျိုး ယူဆဖို့ အလွန်အန္တရာယ်များပါတယ်’ လို့ သူ့ရဲ့ ‘ကွန်ဖယ်ဒရယ်နိုင်ငံ (နိုင်ငံငယ်များ အတူတကွ စုပေါင်းနေထိုင်ကြခြင်း) အရေးနဲ့ ပတ်သက်တဲ့ မှတ်ချက်’ ထဲမှာ ထောက်ပြထားပါတယ်။ သူ ဆက်ပြောထားတာတွေက ဒီမှာပါ။ ‘တကယ်လို့ စစ်တပ်ကို ဆန့်ကျင်နေတဲ့ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ လက်ရှိမှာ ရှိနေတဲ့ နွေဦးတော်လှန်ရေး လှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဗဟိုကို ထည့်ပြီး မစဉ်းစားတော့ဘူးဆိုရင် တော်လှန်ရေးဟာလည်း တစစီဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်’ ‘မြန်မာနိုင်ငံရဲ့ ဖယ်ဒရယ်စနစ်ကို လူမျိုးစုတွေပေါ်မှာ အခြေခံရင် အင်မတန် အန္တရာယ်များနိုင်ပါတယ်’ ‘တိုင်းရင်းသားလူမျိုးစုကို အခြေပြုပြီး ဖယ်ဒရယ်ယူနစ် သတ်မှတ်တာဟာ ဒီမိုကရေစီနိုင်ငံရေး သဘောတရားထဲမှာ အလုပ်မဖြစ်နိုင်ပါဘူး’ 'အမျိုးသားရေးကို အကြောင်းပြတဲ့ လူကြိုက်များရေးဝါဒီတွေက လူမျိုးရေးကိုသုံးပြီး ကစားနိုင်တဲ့ အခြေအနေမျိုးမှာ ပြည်သူတွေက ဓားစားခံ ဖြစ်လာနိုင်တယ်’ တဲ့။
‘ဝေါဟာရနဲ့ အနှစ်သာရ’ ဆိုတဲ့ ဆောင်းပါးထဲမှာကတည်းက ‘ဝေါဟာရတွေကို အနှစ်သာရအရ နားလည်သဘောပေါက်တာမျိုး အားနည်းပြီး နိုင်ငံရေးကိုယ်ကျိုးစီးပွားအတွက် လိုသလို အနက်ဖွင့်ကာ လိုရာသုံးကြရင်းက အဲဒီဝေါဟာရတွေရဲ့ သဘောတရားတွေကို မှားယွင်းစွာ နားလည်ခံယူလာ’ ကြတာကို စိုးရိမ်မိကြောင်း ပြောဖြစ်ခဲ့ပါတယ်။ လူထုအနေနဲ့ လိုချင်တဲ့ပန်းတိုင်ဟာ ဘယ်လိုဝေါဟာရတွေနဲ့ပဲပြောပြော တကယ့်အနှစ်သာရမှာတော့ လွတ်လပ် လုံခြုံ ငြိမ်းချမ်းပြီး လူချင်းတူတူ သူချင်းမျှမျှ လေးစားတန်ဖိုးထားကြတဲ့ လူ့အဖွဲ့အစည်းမျိုးပဲ မဟုတ်ပါလား။
စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို နားလည်မှုတူနေမှ လက်တွေ့မှာ နိုင်ငံရေးအရွေ့စစ်စစ်ကို ဆောင်ကြဉ်းနိုင်မှာ ဖြစ်ပါတယ်။