ဩဂုတ် ၁၄ ရက်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီးနောက် ဘဏ်တွေက အပ်ငွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ရာ စက်တင်ဘာ ၁ ရက်ကစပြီး ပုဂ္ဂလိကဘဏ်တွေလည်း အပ်ငွေတွေအပေါ် အတိုးနှုန်း ပြောင်းလဲသတ်မှတ်လာကြပါတယ်။
လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အပ်ငွေစာရင်းအမျိုးအစားကို ပုံစံအမျိုးမျိုးနဲ့ ဝန်ဆောင်မှုပေးနေပြီး ရရှိမယ့် အတိုးနှုန်းတွေကလည်း အပ်ငွေစာရင်း အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။
ပုဂ္ဂလိကဘဏ်တွေရဲ့ စက်တင်ဘာ ၁ ရက်ကစပြီး သတ်မှတ်လိုက်တဲ့ ငွေစုဘဏ်အပ်ငွေစာရင်း (Savings Deposit) အပေါ် ပေးအပ်မယ့် အတိုးနှုန်းတွေကို လေ့လာကြည့်ရာမှာ UAB ဘဏ်က အပ်ငွေပေါ် မူတည်ပြီး တနှစ်ကို အများဆုံး ၁၀ ဒသမ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်သတ်မှတ်ထားတာကို တွေ့ရပါတယ်။
ဒါဟာ ပြည်တွင်းက တခြားပုဂ္ဂလိက ဘဏ်တွေနဲ့ ယှဉ်ရင်အမြင့်ဆုံးပေးတဲ့ အတိုးနှုန်းဖြစ်နေပြီး သုံးစွဲသူများတဲ့ ကမ္ဘောဇဘဏ်၊ CB ဘဏ်နဲ့ ဧရာဝတီဘဏ်တွေကတော့ ၁၀ ရာခိုင်နှုန်းထိ ပြင်ဆင်တိုးမြှင့်လိုက်ကြောင်း ကြေညာထားပါတယ်။