ဂျပန်နိုင်ငံဟာ စီးပွားရေးကျဆင်းမှု (recession) နဲ့ ရင်ဆိုင်နေရပြီး ပြည်တွင်းဝယ်လိုအား ကျဆင်းမှုနဲ့အတူ သုံးလပတ် နှစ်ကြိမ်ဆက်တိုက် စီးပွားရေးကျုံ့သွားတဲ့အတွက် ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးအင်အားစုနေရာကို ဂျာမနီနိုင်ငံကို လွှဲပေးလိုက်ရပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဂျပန်ရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ဟာ အောက်တိုဘာ-ဒီဇင်ဘာ သုံးလပတ်မှာ ၀ ဒသမ ၄ အထိ ကျသွားခဲ့ပြီး ရှေ့သုံးလပတ်မှာလည်း ၃ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို သုံးလပတ် နှစ်ပတ်ဆက်တိုက် ကျဆင်းတာကြောင့် ကာလတို စီးပွားရေးကျဆင်းမှု (recession) ဖြစ်တယ်လို့ သတ်မှတ်တာဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် ဂျပန်ဗဟိုဘဏ်ရဲ့ အနုတ်အတိုးနှုန်းမူဝါဒကို ပြင်ဆင်မယ့်အစီအစဉ်ပါ ရှုပ်ထွေးလာမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
လက်ရှိ ကမ္ဘာ့အကြီးဆုံးစီးပွားရေးက အမေရိကန်ဖြစ်ပြီး ဒုတိယနေရာမှာ တရုတ်၊ တတိယနေရာကို အခုအခါမှာ ဂျာမနီက ဝင်သွားတဲ့အတွက် ဂျပန်က နံပါတ်လေးနေရာ ရောက်သွားပါတယ်။
ဂျပန်စီးပွားရေး လှုပ်ရှားမှုတွေရဲ့ ထက်ဝက်ကျော်ရှိတဲ့ ပုဂ္ဂလိကသုံးစွဲမှုက ၀ ဒသမ ၂ ရာခိုင်နှုန်း ကျသွားသလို ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေး အဓိကအင်ဂျင်တခုဖြစ်တဲ့ မတည်ရင်းနှီးငွေ သုံးစွဲမှုကလည်း ၀ ဒသမ ၁ ရာခိုင်နှုန်း ကျသွားပါတယ်။
ပြင်ပဝယ်လိုအား ဒါမှမဟုတ် ထုတ်ကုန်နဲ့ သွင်းကုန် ခြားနားချက်မှာတော့ ဂျီဒီပီအတွက် ၀ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပို့ကုန် ၂ ဒသမ ၆ ရာခိုင်နှုန်း တက်လာပါတယ်။
Source/Photo-Reuters