မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းစံပြကျေးရွာ လျှပ်စစ်ရုံးမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နေ့စားဝန်ထမ်းတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်စွန်းစံပြကျေးရွာ၊ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံးမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၂ နာရီခွဲလောက်က မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လျှစ်စစ်ရုံးဝင်ပေါက်တံခါး၊ လျှပ်စစ်ရုံးနဲ့ မြို့နယ်ဦးစီးမှူးအိမ်တို့ ထိခိုက်ပျက်စီးခဲ့ပြီး နေ့စားဝန်ထမ်း အမျိုးသားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။
တောင်းစွန်းရွာခံတဦးက “ဒီမနက် ၂ နာရီ ၂၂ မိနစ်မှာ မိုင်းပေါက်ကွဲသံ ကြားလိုက်ရတာ တော်တော်ကျယ်တယ်။ အဲ့အချိန်က ဘယ်သူမှမထွက်တော့ ပြည်သူတွေတော့ မထိခိုက်ပါဘူး။ နေ့စားဝန်ထမ်းတဦးကတော့ လက်ဖျံမှာ ဒဏ်ရာရသွားတယ်။ မျက်နှာကြက်တွေ ပြုတ်ကျတာ၊ မှန်တွေကွဲတာနဲ့ EPC တံခါးပြုတ်ထွက်သွားတာ ရှိတယ်။ မြို့နယ်ဦးစီးမှူး နေအိမ်တံခါးနဲ့ အိမ်နည်းနည်းထိတယ်။ မိုင်းပစ်သွားတာလား၊ ထောင်ခွဲတာလား ဆိုတာတော့ သေချာမသိပါဘူး” လို့ ပြောပါတယ်။
တောင်စွန်းလျှပ်စစ်ရုံး ဗုံးပေါက်ကွဲပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက် မနက်မှာ စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေး ရှင်းလင်းတာတွေ လုပ်ဆောင်နေသလို လမ်းတချို့ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က တောင်စွန်းလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးပြီး လူထိခိုက်မှု မရှိခဲ့ပေမဲ့ ရုံးအဆောက်အဦနဲ့ ဆိုင်ကယ် ၃ စီး ထိခိုက်ပျက်စီးခဲ့ပါတယ်။