ရုရှားနိုင်ငံဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်း အနောက်နိုင်ငံတွေနဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဖို့ ပြင်ဆင်နေပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ တန်ပြန်တည်ဆောက်မှုကို ဟန့်တားနိုင်တယ်လို့ အက်စ်တိုးနီးယား နိုင်ငံခြားထောက်လှမ်းရေးဌာနက ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
အရေအတွက် ပိုတိုးလာတဲ့ အနောက်နိုင်ငံ အရာရှိတွေဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အရှေ့ဘက်ခြမ်းက နိုင်ငံတွေကို ရုရှားက စစ်ရေးအရ ခြိမ်းခြောက်နိုင်တယ်လို့ သတိပေးခဲ့ပြီး ဥရောပတိုက်ကိုလည်း လက်နက်ပြန်လည် တပ်ဆင်ရေး ပြင်ဆင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင် ဖင်လန်နဲ့ ဘောလ်တစ်နိုင်ငံတွေဖြစ်တဲ့ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတို့နဲ့ နယ်နိမိတ်တလျှောက် တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင် အရေအတွက် နှစ်ဆတိုးဖို့ ရုရှားရဲ့ အစီအစဉ်အပေါ် အခြေခံပြီး ချင့်ချိန်သုံးသပ်ထားတာလို့ ထောက်လှမ်းရေးဌာန အကြီးအကဲက ပြောပါတယ်။
အက်စ်တိုးနီးယား နိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲ ကောင်းပိုရိုစင်က “ရုရှားဟာ ရေရှည် ထိပ်တိုက်ရင်ဆိုင်ရမယ့် လမ်းကြောင်းကို ရွေးချယ်ထားပြီး ရုရှားသမ္မတ နန်းတော်ဟာလည်း လာမယ့်ဆယ်စုနှစ်အတွင်း နေတိုးနဲ့ ပဋိပက္ခဖြစ်နိုင်ခြေကို မျှော်လင့်နေပါတယ်” လို့ အက်စ်တိုးနီးယားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားက စစ်ရေးအရ တိုက်ခိုက်တာမျိုး ရေတိုမှာ ဖြစ်နိုင်ခြေ အလွန်နည်းတယ်လို့လည်း သူက ပြောပါတယ်။
ရုရှားက ယူကရိန်းမှာ တပ်စွဲထားရတာက အကြောင်းရင်း တစိတ်တပိုင်းဖြစ်ပြီး ဥရောပမှာ ရုရှားတပ်ဖွဲ့တွေ ယှဉ်နိုင်တဲ့ အရွယ်အစား ရှိလာရင်တောင် ဆက်ပြီး မဖြစ်နိုင်ဖို့ များတယ်လို့လည်း ပြောပါတယ်။
Source/Photo-Reuters