ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျင်းပတဲ့ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲမှာ အထူးတပ်ဖွဲ့ တပ်မှူးဟောင်း ပရာဘိုဝို ဆူဘီယန်တိုဟာ ဒုတိယအကျော့ ပြိုင်စရာမလိုတော့ဘဲ မဲအပြတ်အသတ် အနိုင်ရတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။
အသက် ၇၂ နှစ်အရွယ် ကာကွယ်ရေးဝန်ကြီးဟောင်းဟာ ၁၄ ရက်နေ့ ညပိုင်းမှာပဲ အောင်ပွဲခံခဲ့ပြီး “အင်ဒိုနီးရှားသား အားလုံးအတွက် အောင်ပွဲဖြစ်တယ်” လို့ ပြောသွားပါတယ်။
သီးခြားလွတ်လပ်တဲ့ စစ်တမ်းကောက်ယူတဲ့အဖွဲ့ သုံးဖွဲ့စလုံးရဲ့ တွက်ချက်မှုအရ ပရာဘိုဝိုဟာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး ရခဲ့တယ်လို့ ဆိုပါတယ်။
ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်တဲ့ ပရာဘိုဝိုဟာ စစ်ဘက်မှာတုန်းက သဘောထားတင်းမာတဲ့သူလို့ နာမည်ကြီးခဲ့ပြီး အငြင်းပွားဖွယ်ရာ လူ့အခွင့်အရေး မှတ်တမ်းတွေ ရှိခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ ချစ်စဖွယ်ပုံစံဖမ်းပြီး လူငယ်တွေအသံကို နားထောင်မယ့်သူအဖြစ်၊ သမ္မတ ဂျိုကိုဝီရဲ့ မူဝါဒအတိုင်း ဆက်လျှောက်မယ့်သူအဖြစ် သူ့ကိုယ်သူ ပုံဖော်ထားပါတယ်။
ပြိုင်ဘက် အနီးစ်ဘာဆွေဒန်နဲ့ ဂန်ဂျာပရာနိုတို့ဟာ မဲ ၂၅ ရာခိုင်နှုန်းနဲ့ ၁၆ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရရှိခဲ့ကြပါတယ်။
လူကြိုက်များတဲ့ လက်ရှိသမ္မတ ဂျိုကိုဝီဟာ သက်တမ်းနှစ်ကြိမ် ပြည့်ပြီဖြစ်လို့ အနားယူရတော့မယ့်အချိန်မှာ သူ့ပြိုင်ဘက်ဟောင်း ပရာဘိုဝိုကို သူ့နေရာဆက်ခံသူအဖြစ် တဖက်လှည့်နဲ့ ရွေးခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဂျိုကိုဝီက ဘယ်သမ္မတလောင်းကိုမှ တရားဝင် မထောက်ခံပေမဲ့ သူ့သားကြီး ဂီဘရန်ရာကာဘူမင်ရာကာက ပရာဘိုဝိုရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့မှုက သူ ဘယ်သူ့ကို ထောက်ခံသလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။
အသက် ၃၇ နှစ်သာ ရှိသေးတဲ့ ဂီဘရန်ဟာ အင်ဒိုနီးရှားသမိုင်းမှာ အငယ်ဆုံး ဒုတိယသမ္မတ ဖြစ်လာမှာ ဖြစ်ပါတယ်။
Source/Photo-Reuters