ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပဆျားကြိုးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲလို့ ရွာသားနှစ်ယောက် သေဆုံးတဲ့အပြင် ရှစ်ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနက် ၁၀ နာရီကျော်က စစ်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့လို့ လူသေဆုံးတဲ့အပြင် နေအိမ်တွေလည်း ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
နောင်စုံရွာသားတဦးက “တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူး။ ရုတ်တရက်ပဲ လာကြဲတယ်။ လေယာဉ်နဲ့လည်း လာကြဲတယ်။ လက်နက်ကြီးနဲ့လည်း ပစ်လာတယ်။ အိမ်တော်တော် ထိထားတယ်။ ခု အဲ့အနီးတဝိုက် ဘေးကင်းရာ ထွက်ပြေးကြရတယ်” လို့ ပြောပါတယ်။
အဲဒီရွာမှာ ပအိုဝ်းအမျိုးသားလွတ်ေမြာက်ရေးအဖွဲ့ (PNLA) ရှိတယ်ဆိုပြီး တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနက်ကလည်း ပဆျားကြိုးရွာအနီး နောင်စုံရွာမှာ ကျောင်းသားတယောက် မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိတယ်လို့ ရွာသားတဦးက ပြောပါတယ်။
“သူက ကျောင်းသွားရင်း နင်းမိတာ။ ဒဏ်ရာတော်တော်ပြင်းတယ်။ သူနင်းမိပြီး မကြာဘူး၊ လေယာဉ်လည်း ပဆျားကြိုးရွာကို ဗုံးနဲ့လာကြဲတယ်။ ပဆျားကြိုးနဲ့ နောင်စုံက နီးတယ်၊ ကပ်ရပ်ပဲ။”
နင်းမိတဲ့မိုင်းဟာ ဘယ်အဖွဲ့က ထောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။ နောင်စုံ၊ ပဆျာကြိုးရွာဟာ ဆီဆိုင်မြို့နယ် မြောက်ဘက် အစွန်ကျတဲ့ရွာတွေဖြစ်ပြီး အိမ်ခြေ ၃၀၀ နီးပါး ရှိပါတယ်။
အခုလက်ရှိ စစ်ကောင်စီ ကင်းထောက်ဒရုန်းဝဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိသေးတာကြောင့် ရွာသားတွေ ဘေးကင်းရာ ထွက်ပြေးရသလို တချို့လည်း ရွာထဲ ပိတ်မိနေဆဲလို့ ပြောပါတယ်။