ဧရာဝတီတိုင်း၊ ပုသိမ်တက္ကသိုလ်၊ ကောလိပ်နဲ့ နည်းပညာတက္ကသိုလ်ဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေအနေနဲ့ လိုအပ်ပါက စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီရဲ့ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်လည်းဖြစ် ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တင်မောင်ဝင်းက ပုသိမ်တက္ကသိုလ်ဝင်းအတွင်း ဖွင့်လှစ်နေတဲ့ တက္ကသိုလ်၊ ကောလိပ်၊ နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို အခြေခံ စစ်ပညာသင်တန်းပေးနေတဲ့ အခမ်းအနားကိုလာရင်း ဖေဖော်ဝါရီလ ပထမအပတ် ကပြောကြားခဲ့တာလို့ သိရပါတယ်။
ဒုဗိုလ်ချုပ်ကြီးဟောင်း တင်မောင်ဝင်းက “အားလုံး သိထားဖို့ပါ တပ်မတော်အနေနဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်သမားတွေကို နှိမ်နင်းနေတာပါ။ ဘယ်သူမဆို စစ်ပညာသင်ကြားပြီး လိုအပ်ပါက စစ်မှုထမ်းကာ တပ်မတော်နဲ့လက်တွဲပြီး အကြမ်းဖက်သောင်းကျန်းသူတွေကို နှိမ်နင်းကြရမယ်”လို့ သင်တန်းမှာပြောခဲ့တာပါ။
စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ယက်တွေမှာတော့ ပုသိမ်တက္ကသိုလ်၊ ပညာရေးကောလိပ်၊ နည်းပညာသိပ္ပံ တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်က ဆရာတွေနဲ့ ကျောင်းသားတွေက သူတို့ဆန္ဒအလျှောက် စစ်သင်တန်း တက်ရောက်နေတာလို့ဆိုပြီး ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်နေတာဖြစ်ပြီး တကယ်အပြင်မှာတော့ စစ်တပ်က အတင်းဖိအားပေး တက်ခိုင်းတာကြောင့် တက်နေရတာလို့ စစ်သင်တန်းတက်နေတဲ့ ကျောင်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပုသိမ်ဒေသခံပညာရေး ဝန်ထမ်း တယောက်က “စစ်သင်တန်းတက်ဖို့ ၃ ကြိမ်တိတိ ခြိမ်းခြောက် အခေါ်ခံရတာ။ ကိုယ့်ဆန္ဒနဲ့ ကိုယ်တက်နေတာဆိုတဲ့ ထုတ်ပြန်ရေးသားချက်တွေက ဝါဒဖြန့်ချက်သက်သက်ပါပဲ။ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်တယ်ဆိုရင်တောင် လုပ်နေတဲ့သူတွေက မတတ်သာလို့သာ လုပ်နေရတဲ့သူတွေချည်းပါပဲ။ ပြည်သူတွေကို လက်နက်နဲ့ ရန်ရှာ သတ်ဖြတ်မယ်သူ မရှိဘူး သူတို့ကလွဲရင်ပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ စစ်ဖြစ်ပွားတဲ့ ဒေသတွေမှာ မြို့ရွာတွေ၊ စစ်စခန်းကြီးငယ်တွေကို လက်လွှတ်ဆုံးရှုံးနေရပြီး စစ်ကောင်စီတပ်ဘက်က အလင်းဝင် လက်နက်ချသူ၊ တိုက်ပွဲကျ၊ CDM လုပ်သူ၊ တပ်က ထွက်ပြေးသူ များပြားလာနေတာပါ။
ဒါ့ကြောင့် စစ်သားစုဆောင်းတာ၊ ပေါ်တာဆွဲတာ၊ ပြည်သူ့စစ်ဖွဲ့တာ၊ စစ်သင်တန်းခေါ်ပေးတာ၊ နောက်ဆုံး ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြေညာပြီး အရပ်သား လူငယ်တွေကို တပ်ထဲဝင်ဖို့ လုပ်နေတာလို့ စစ်တပ်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။