အားပြင်းပြီး အမြန်ရွေ့နေတဲ့ ဆောင်းရာသီမုန်တိုင်းတခု ဖေဖော်ဝါရီ ၁၃ ရက်မှာ အမေရိကန် အရှေ့မြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်ခဲ့လို့ ဆီးနှင်းတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေပါတယ်။
သန်းချီတဲ့ အမေရိကန်ပြည်သူတွေအတွက် ကားမောင်းရတာ စိတ်မချရတဲ့ အခြေအနေတွေ ဖန်တီးပေးခဲ့ပြီး စာသင်ကျောင်းတွေ ပိတ်ထားရသလို လေကြောင်းခရီးစဉ်တွေလည်း ထိခိုက်ခဲ့ပါတယ်။
အနောက်ဗာဂျီးနီးယားပြည်နယ်ရဲ့ အရှေ့မြောက်ဘက်ကနေ နယူးအင်္ဂလန်ပြည်နယ်အထိ လူပေါင်း သန်း ၃၀ ကျော်ဟာ ဆောင်းရာသီ မုန်တိုင်းသတိပေးချက်အောက်မှာ ရှိနေကြတယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
နော်အိစ္စတာ အကြီးစားဆိုင်ကလုန်းမုန်တိုင်းကြောင့် နှင်းတွေ ထူထူထပ်ထပ်ရွာသွန်းပြီး ဧရိယာရဲ့ အစိတ်အပိုင်းတွေကို နှင်းထု ၆ လက်မအထိ ဖုံးလွှမ်းခဲ့ပါတယ်။
နိုင်ငံရဲ့ လူဦးရေအများဆုံးမြို့ဖြစ်တဲ့ နယူးယောက်စီးတီးမှာ မိုးဟာ မနက်စောစောပိုင်းမှာ နှင်းအဖြစ် ရွာကျခဲ့ပါတယ်။
မြို့တော်မှာ တနေ့တာလုံး နှင်းထု ၇ လက်မအထိ ကျဆင်းနိုင်ပြီး အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှု အခြေအနေတွေကို မျှော်မှန်းထားပါတယ်။
နယူးယောက်မြို့ မြောက်ဘက်က Lower ဟတ်ဒ်ဆန် တောင်ကြားမှာ တနာရီ ၂ လက်မနှုန်းနဲ့ နှင်းတွေကျဆင်းခဲ့တယ်လို့ မြို့တော်တွင်း အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက X လူမှုကွန်ရက် မီဒီယာပေါ်ကနေ ပြောပါတယ်။
အရှေ့ဘက်နဲ့ နက်ရှိုင်းတဲ့ ဧရိယာပြင်ပဆီ မုန်တိုင်းမတိုက်မီ နှင်းထု ၁၂ လက်မအထိ ကျဆင်းနိုင်ပါတယ်။
ဘော်စတွန်မြို့မှာ နှင်းထု ၉ လက်မအထိ ကျဆင်းနိုင်လို့ မြို့တော်ဝန်က အရေးပေါ် အခြေအနေ ကြေညာဖို့ ဆော်ဩထားပါတယ်။
Source/Photo-Reuters