မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်တွေ ရောင်းချနေမှုကို စစ်ဆေးအရေးယူခဲ့တယ်လို့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတယောက်က DVB ကို ပြောပါတယ်။
“အခုလောလောဆယ်တော့ မြို့နယ်ထဲက ကျနော်တို့ စိုးမိုးတဲ့ကျေးရွာတွေက ဈေးဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး စစ်တပ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ရောင်းချနေတာတွေကို သိမ်းဆည်းပြီး အများသူငါရှေ့မှာ ဖျက်ဆီးခဲ့ပါတယ်။ ဘီယာနဲ့ အရက်တွေကို အဓိကသိမ်းဆည်းပြီး ပနီချောင်းထဲကို သွန်ချဖျက်ဆီးခဲ့တာပါ။”
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်ကစတင်ပြီး မင်းတုန်းမြို့နယ်ထဲက မင်းတပ်ကျေးရွာနဲ့ ကြက်လောင်းကျေးရွာတွေကို ၀င်ရောက်စစ်ဆေး အရေးယူခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို ရောင်း၀ယ်တာတွေ ဆက်လက်ပြုလုပ်နေရင် ပြင်းထန်တဲ့ အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကုန်စုံဆိုင်ပိုင်ရှင်တယောက်က “ကိုယ့်ဆိုင်က ရောင်းတဲ့ပစ္စည်း သိမ်းသွားပြီး ဖျက်ဆီးမယ်ဆိုတော့ အစက နှမြောမိတာပေါ့။ သူတို့ တားထားတဲ့ကြားက ကိုယ့်ကလည်း ရောင်းဖို့ ဝယ်ထားမိတာကိုး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူတို့ PDF တွေက နိုင်ငံ့ကောင်းကျိုးလုပ်နေကြတာ ဖြစ်လို့ ကြည်ကြည်ဖြူဖြူနဲ့ ဆိုင်မှာရှိတာ အကုန်ထုတ်ပေးလိုက်တယ်” လို့ ပြောပါတယ်။
အခုနှစ် ဇန်န၀ါရီလကစတင်ပြီး မင်းတုန်းမြို့နယ်ထဲမှာ သွေးစွန်းငွေဖြတ်တောက်ရေးအဖြစ် စစ်ကောင်စီတပ်က ထုတ်ကုန်တွေကို ရောင်းဝယ်သုံးစွဲတာတွေ မပြုလုပ်ကြဖို့ မြို့နယ်အတွင်း လိုက်လံဟောပြောတာတွေ၊ ကြော်ငြာစာရွက်ကပ်တာတွေကို လိုက်လံလုပ်ဆောင်ခဲ့တယ်လို့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတယောက်က ပြောပါတယ်။
“ကျနော်တို့ရဲ့ သတိပေးကာလ ကျော်လွန်သွားပြီဖြစ်တဲ့အတွက် လာမယ့်စက်တင်ဘာလကနေ စတင်ပြီးတော့ စစ်ကောင်စီတပ်ထုတ်ကုန် ရောင်း၀ယ်သုံးစွဲသူတွေကို အရေးယူဆောင်ရွက်တဲ့ လုပ်ငန်းစဥ် ဆက်လက်လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ မင်းတုန်းမြို့နယ်က ပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန်တွေကို အထူးအလေးထားရှောင်ရှားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။”
မင်းတုန်းမြို့နယ်ထဲမှာ စစ်တပ်ထုတ်ကုန်တွေ ဆက်လက်ရောင်းချသုံးစွဲနေသူတွေကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းဖျက်ဆီးရုံတင်မကဘဲ ရောင်းချသုံးစွဲနေသူကိုပါ ဖမ်းဆီးအရေးယူသွားမယ်လို့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။