ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ ဩဂုတ် ၂၉ ရက်က ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က အထိနာ ဆုတ်ခွာခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာနဲ့ မင်းလှ(ခေါ်) မီးလောင်ရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ စစ်ရေးအခြေအနေကို သိရှိသူတယောက်က ပြောပါတယ်။
“တိုက်ပွဲဖြစ်ပွားကြတာက ဟုတ်တယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ AA ဘက်က တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက် အထိအခိုက် တော်တော်လေးကို များတယ်လို့ သိထားရတယ်။ ဒါကတော့ စစ်တွေမြို့နယ်အတွင်း ပထမဆုံးတိုက်ပွဲပဲ။ အရင်က စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာလောက်ပဲရှိတာ။”
အဲဒီ တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့နေရာကို စစ်တွေ ဒကစထဲက လက်နက်ကြီးပစ်ကူတွေ ပေးခဲ့တယ်လို့လည်း စစ်ရေးအကြောင်း သိရှိသူတွေကပြောပါတယ်။
ဝါဘိုကျေးရွာဟာ စစ်တွေမြို့နဲ့ ၄ မိုင်ဝန်းကျင်လောက်ပဲ ကွာဝေးပြီး ရခိုင်တိုက်ပွဲစတင်တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ နှစ် အစောပိုင်းကာလတချို့မှာ စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတချို့ကို မိုင်းဆွဲတိုက်ခိုက်တဲ့ ဖြစ်စဉ်တချို့ပဲ ရှိခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက စစ်တွေမြို့ပတ်ပတ်လည်မှာ မြေမြှုပ်မိုင်း၊ ရေမြှုပ်မိုင်းတွေနဲ့ ခံတပ်လုပ်ထားသလို မြို့ကိုလည်း ခြံစည်းရိုးကာထားတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်က ရခိုင်လူမျိုးတွေနေထိုင်တဲ့ ကျေးရွာအားလုံးကို စစ်ကောင်စီက နှင်ထုတ်တာ၊ ကျေးရွာအတွင်း တပ်စွဲနေထိုင်တာ၊ စစ်ကြောင်းထိုးဖမ်းဆီတာကြောင့် ဒေသခံ သောင်းနဲချီပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီအပြည့်အဝထိန်းနိုင်ထားနိုင်တာဟာ မာန်အောင်မြို့ တခုတည်းပဲကျန်ရှိတော့ပြီး အာရက္ခတပ်တော်က မြို့နယ် ၉ ခု သိမ်းပိုက်ထားသလို ကျန်မြို့နယ် ၇ ခုမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။