စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် သြဂုတ် ၂၉ ရက်နေ့ ည ၈ ကစပြီး ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို ယာယီပိတ်ထားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “နှစ်ဖက်တိုက်ပွဲတွေကြား ပြည်သူတွေ မနစ်နာစေချင်တာရယ်၊ စစ်တပ်ဘက်က စစ်အင်အားဖြည့်လာမှာရယ်ကြောင့် ချောင်းဦး-ပခုက္ကူလမ်းပိုင်းအသုံးပြုခွင့်ကို ယာယီပိတ်သိမ်းထားလိုက်ရတာပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်ကစပြီး ချောင်းဦး-ပခုက္ကူလမ်းပိုင်းအနီးက ကံကြီးကုန်း ပျူစောထီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းစုတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေနဲ့ပါ တိုက်ခိုက်နေပြီး သြဂုတ် ၂၉ ရက်၊ ညဦးပိုင်းအထိ ၃ ရက်တာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
“သူတို့ဘက်က လေကြောင်းပစ်ကူတွေပါ သုံးလာတယ်။ ၂၈ ရက်နေ့ကဆို ရဟတ်ယာဥ်ပေါ်ကနေ စက်လက်တွေနဲ့ ပစ်ရုံတင်မကဘူး။ လေယာဥ်နဲ့ ဗုံး ၄ လုံး လာကြဲသွားတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အခြေအနေ ကောင်းနေပါတယ်” လို့ ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက ပြောပါတယ်။
ကံကြီးကုန်းပျူစောထီးကျေးရွာ စစ်ကောင်စီတပ်စခန်းတိုက်ပွဲဟာ ပြင်းထန်နေဆဲဖြစ်တာကြောင့် တိုက်ပွဲရဲ့ အခြေအနေအသေးစိတ်ကို သတင်းမထုတ်ပြန်သေးတာလို့ ဆိုပါတယ်။
သြဂုတ် ၂၉ ရက်ည ၉ နာရီ၀န်းကျင်မှာလည်း စစ်ကောင်စီတပ်ဟာ ချောင်းဦးမြို့နယ်ထဲကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချသွားတယ်လို့ ကနဦးသိရပေမဲ့ ဗုံးကြဲခံရတဲ့နေရာနဲ့ မြေပြင်အခြေအနေကို အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
ချင်းပြည်နယ်၊ ဇိုလေင်းရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ဖွင့်ထားတဲ့ ဆေးရုံကို ဩဂုတ် ၂၇ ရက် ညနေ ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးတလုံး ကြဲခဲ့တာကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တယောက်က ပြောပါတယ်။
“သူတို့ လုံခြုံရေးအခြေအနေအရ ဆေးရုံနေရာပြောင်းထားတာ မကြာသေးဘူး။ အခုရွာထဲက စာသင်ကျောင်းမှာဖွင့်ထားတာ၊ အဲ့ဒါကိုသတင်းပေါက်သွားတော့ စာသင်ကျောင်းကို လာကြဲသွားတာ။ ဂျက်ဖိုက်တာနဲ့ တလုံးတည်း ကြဲသွားတာ။ လူနာတွေတော့ ထိခိုက်တာမျိုး မရှိ ပါဘူး။ ကျနော်တို့ SR4( Special Region 4) က ရဲဘော်ကတော့ ခါးတပိုင်းပြတ်ထွက်ပြီး ဆုံးသွားတယ်။ ကျန်တဲ့ ဒဏ်ရာရတဲ့သူတွေတော့ အသက်အန္တရယ်မစိုးရိမ်ရဘူး။”
စစ်ကောင်စီက မြေပြင်မှာတိုက်ပွဲ မဖြစ်ပွားဘဲ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ဖွင့်လှစ်ထားတဲ့ အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ဆေးရုံကို လေကြောင်းကနေ သက်သက်မဲ့ တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
စော်ဘွားရေရှင်ရွာခံတဦးက “သတင်းတွေမှာ ကျနော်တို့ရွာနာမည်ပဲတက်နေတယ်။ ကျနော်တို့ ရွာလေကြောင်းတိုက်ခံရတာ မဟုတ်ပါဘူး။ ကျနော်တို့ရွာအနီးက အိမ်ခြေ ၅၀/၁၀၀လောက်ရှိတဲ့ ချင်းပြည်နယ်ထဲပါတဲ့ ဇိုလေင်းရွာကို တိုက်သွားတာပါ။ တိုက်ပွဲတော့မရှိဘူး။ ဒီတိုင်းပစ်သွားတာ။ PDF တဦးသေပြီး ၃ ဦးဒဏ်ရာရတယ် ကြားတယ်” လို့ ပြောပါတယ်။
အဆိုပါလေကြောင်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
ဩဂုတ် ၂၀ ရက်ကလည်း စစ်ကောင်စီက ကလေးမြို့နယ်မြောက်ပိုင်း လက်ပံချောင်းရွာက ဘုန်းကြီးကျောင်းကို တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲခဲ့ပါသေးတယ်။
ဧပြီ ၂၂ရက်ကလည်း စစ်ကောင်စီက အဆိုပါလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာအနီးက စော်ဘွားရေရှင်ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး ထိခိုက် သေဆုံးခဲ့ပါသေးတယ်။