ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအပါအဝင် အရာရှိစစ်သည်တွေ သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကရင်တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မွန်-ကရင်အစပ် သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်က အနန်းကွင်း စစ်ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် စစ်ကူရောက်လာတဲ့ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ ဩဂုတ် ၂၉ ရက်နဲ့ ၃၀ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ဗိုလ်တွေအပါအဝင် အရာရှိစစ်သည် အရေအတွက် ၂၀ လောက် သေဆုံးဒဏ်ရာရခဲ့တယ်လို့ အမည်မဖော်လိုတဲ့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို KNU ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အနန်းကွင်းစစ်ဗျူဟာစခန်းဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင်၊ ဝင်းရေးမြို့နယ်မှာရှိပြီး ခုလဆန်းပိုင်းလောက်ကတည်းကစတင်ပြီး KNLA ပူးပေါင်းတပ်တွေက ဝိုင်းပတ်ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အနန်းကွင်းစစ်ဗျူဟာစခန်း မကျဖို့အတွက် စစ်ကောင်စီတပ်က မြေပြင်မှာ တပ်အင်အားဖြည့်တင်း ခုခံနေသလို အနီးနားက အနန်းကွင်းကျေးရွာကိုလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ လူနေအိမ်တွေ ပျက်စီးခဲ့ရပြီး ရွာသားတွေလည်း ဘေးလွတ်ရာမှာ စစ်ဘေးရှောင်နေကြရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာတော့ စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲထပ်မဖြစ်ရအောင် BGF နဲ့ပေါင်းပြီး လုံခြုံရေးယူပေးထားတာလို့ စစ်တပ်နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
တဖက်မှာလည်း လေးကေ့ကော်မြို့နားက စွယ်တော်ကုန်းကို ပူးပေါင်းတပ်တွေက ဝိုင်းပိတ်ထားဆဲ အခြေအနေလို့ မြေပြင်သတင်းထောက်က ပြောပါတယ်။
ကော့ကရိတ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းကတော့ ၃ လ ဝန်းကျင်ကြာတဲ့အထိ ဒေါနတောင်ကို မထိန်းဖောက်နိုင်လို့ တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာလည်း သြဂုတ် ၂၆ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေး ၂ ယောက်နဲ့ အရပ်သား ၁ ယောက် ဒဏ်ရာရပြီး လူနေအိမ် ၆ လုံး ပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ထား ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အမတ-၃၁၄ နဲ့ ခလရ-၈ တပ်ရင်းစခန်းတို့ကနေ လက်နက်ကြီး ၉ လုံး ပစ်ခတ်ခဲ့လို့ ဒေါင်းရွာမှာ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲပြီး ရွာသား ဦးသန်းလွင် (၄၂) နှစ်နဲ့ မောင်သန်းမြင့် (၁၄) နှစ်တို့ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သလို တောင်ကလေးရွာမှာလည်း လက်နက်ကြီး ၁ လုံး ကျရောက်ပေါက်ကွဲပြီး စောဝင်းကိုကို (၅ နှစ်) လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဖိုးစီ