Home
နိုင်ငံတကာ
ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံအနောက်ပိုင်းက လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ
DVB
·
August 30, 2024
Photo -REUTERS

အာရေဗျပင်လယ်တလျှောက် အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ မြို့ကြီးတွေမှာ ရေကြီးရေလျှံ ဖြစ်ကာ လူထောင်ပေါင်းများစွာဟာ သူတို့နေအိမ်တွေမှ စွန့်ခွာခဲ့ရပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကလည်း သြဂုတ် ၃၀ ရက် သောကြာနေ့မှာ အားကောင်းလာမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ အိန္ဒိယနဲ့ အိမ်နီးချင်း ပါကစ္စတန်ရှိ မိုးလေဝသပညာရှင်တွေဟာ ကမ်းရိုးတန်းမှာ မိုးပိုပြီးသည်းသည်းမည်းမည်း ရွာသွန်းပြီး လေပြင်းတွေလည်း တိုက်ခတ်မယ်လို့ သတိပေးထားပါတယ်။

ပြည်နယ်အတွင်း မိုးရွာသွန်းမှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်စဉ်တွေကြောင့် အခုသီတင်းပတ်အတွင်း အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့ကတည်းက လူပေါင်း ၁၈,၀၀၀ ကျော်ဟာ ကမ်းရိုးတန်းအနီးရှိ မြို့တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး လေထိုး ရာဘာလှေတွေပေါ်မှာ လူတွေကို တင်ဆောင်ပြီး ကယ်ဆယ်ရေးစခန်းတွေဆီ ပို့ဆောင်ပေးကာ ရေမြုပ်နေတဲ့ ရပ်ကွက်တွေမှာ သောင်တင်နေတဲ့ ဒေသခံတွေဆီ ရေသန့်ဗူးတွေနဲ့ အစားအသောက်တွေကို ဝေငှပေးခဲ့ကြပါတယ်။

ဂူဂျာရတ်ပြည်နယ်မှာ မုန်တိုင်းငယ်ဟာ သောကြာနေ့မှာ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD) မှ ပြောကြားခဲ့ပါတယ်။ မုန်တိုင်းဟာ နောက် ၂ ရက်အတွင်း အိန္ဒိယကမ်းရိုးတန်းကနေ ထွက်ခွာသွားမယ် လို့လည်း ခန့်မှန်းထားပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013