အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတာပရာဒက်ရှ်ပြည်နယ်မှာ သစ်တောအရာရှိတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ခရိုင်အာဏာပိုင်တွေဟာ လူသားစားဝံပုလွေတွေရဲ့ အန္တရာယ်ကို ရှင်းလင်းနိုင်ဖို့အတွက် သြဂုတ် ၂၈ ရက်က ဒရုန်းတွေကို အသုံးပြုပြီး ထောင်ချောက်တွေ ချထားခဲ့ပါတယ်။
ဝံပုလွေတွေရဲ့ တိုက်ခိုက်မှုကြောင့် ဘဲရိုက်ချ်မြို့မှာ ပြီးခဲ့တဲ့ ၂ လအတွင်း လူ ၇ ဦး သေဆုံးခဲ့ရတာကြောင့် ဝံပုလွေကြီးတွေကို ခြေရာခံနိုင်ဖို့နဲ့ ရှင်းလင်းပစ်နိုင်ဖို့အတွက် လုပ်ဆောင်တာလို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောကြားပါတယ်။
ပြည်နယ်တွင်းရှိ ကျေးရွာအများအပြားမှာ နေထိုင်သူတွေဟာ ပြီးခဲ့တဲ့ ၂ လတာကာလအတွင်း ဝံပုလွေတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားမှာကို စိုးရိမ်ကြောက်လန့်ပြီး နေခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဝံပုလွေတိုက်ခိုက်မှု ဖြစ်စဉ်တွေ အများကြီး ရှိခဲ့တာကြောင့် အာဏာပိုင်တွေက သတိပေးချက်တွေ ထုတ်ပြန်ထားပြီး သတိရှိကြဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံ ဆူရာ့ဂျ်က ပြောပါတယ်။
သစ်တောတာဝန်ရှိသူတွေဟာ ကျေးရွာတွေအနှံ့ ကြိုတင်သတိထား အကာအကွယ်တွေ လုပ်ဆောင်ကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီး ရွာသားတွေကိုလည်း ဘေးကင်းလုံခြုံမှုအတွက် အိမ်ထဲမှာပဲ အိပ်ကြဖို့၊ သားသမီး၊ ကလေးငယ်တွေကို လွှတ်မထားပဲ လယ်ကွင်းထဲ သွားတဲ့အခါ သတိထားဖို့၊ အိမ်ကနေ ထွက်တိုင်း အုပ်စုလိုက် သွားကြဖို့၊ ညဘက်ကို လုံးဝ တယောက်တည်း မသွားဖို့တွေ ညွှန်ကြားထားပါတယ်။
Source-Reuters