အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်မှ ဘဲရိုက်ချ်ခရိုင်မှာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကလေးငယ် ၆ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို သတ်ဖြတ်ခဲ့တဲ့ ဝံပုလွေ ၃ ကောင်ထဲက တကောင်ကို သြဂုတ် ၂၉ ရက်မှာ အိန္ဒိယအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။
နောက်ထပ် ဝံပုလွေ ၂ ကောင်ကိုလည်း အာဏာပိုင်တွေ ဆက်လက်ရှာဖွေနေပါတယ်။ သစ်တောအုပ်တွေ ထူထပ်တဲ့ ဘဲရိုက်ချ် ခရိုင်ရှိ ကျေးရွာပေါင်း ၃၀ ကျော်မှာ မကြာသေးမီရက်ပိုင်းအတွင်း ဝံပုလွေတွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း အိန္ဒိယသစ်တောဌာနမှ အကြီးတန်းအရာရှိ အာကက်ရှ် ဒိ(ပ်) ဘတ်ဒါဝမ်န်က ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျားသစ်နဲ့ ကျားတိုက်ခိုက်မှုရှိခဲ့ပေမဲ့ ဝံပုလွေ တိုက်ခိုက်မှုတွေကတော့ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး။
နွေရာသီမှာ အိန္ဒိယရှိ ရွာသူရွာသားတွေဟာ ပိုပြီးအေးမြတဲ့ အိမ်အပြင်ဘက်မှာ ဖျာတွေ၊ ကြိုးပုခက်တွေနဲ့ အိပ်ကြလေ့ရှိတာကြောင့် တောကောင်တိုက်ခိုက်မှု ပိုကြုံခဲ့ရတာပါ။
ဝံပုလွေ ၃ ကောင်ကို သတ်ဖြတ်သူတွေအဖြစ် ဖော်ထုတ်ခဲ့ပြီး ကင်မရာနဲ့ အပူလှိုင်းဖမ်း မြေပုံညွှန်း ဆော့ဖ်ဝဲတွေ တပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ ခြေရာခံ လိုက်ဖမ်းနေတာ ဖြစ်ပါတယ်။
Source-Reuters