Home
မြန်မာသတင်း
ငဖဲမြို့နယ်၌  စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး အပါအဝင် ၁၅ ဦးခန့်သေဆုံး  
DVB
·
August 30, 2024
Photo Crd-PRA Magway

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်း-အမ်းကားလမ်းပိုင်းမှာ ဩဂုတ် ၂၉ ရက်က စစ်ကောင်စီ စစ်ကြောင်းနဲ့ စစ်ယာဉ်တန်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့လို့ ကပစ ၁၄ က ဗိုလ်ကြီးမျိုးကျော်သူ အပါအဝင် ၁၅ ဦးနီးပါးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြတယ်လို့ PRA Magway ဆီကနေ သိရပါတယ်။

PRA Magway ရဲ့ စစ်ရေးတာ၀န်ခံတဦးက  “ပဒါန်းအမြောက်စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅) ကနေ ဖောကား ၂ စီးနဲ့ ရခိုင်ဘက်ကို သွားမယ်လို့ယူဆရပြီး အင်အား ၆၀ လောက်ပါတဲ့ စစ်ယာဥ်တန်းကို ကြိုတင်သတင်းရလို့ ပဒါန်း-အမ်းလမ်းပေါ်က စပ်စီရွာနားမှာ စောင့်ပြီးမိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲပြီးတော့ သူတို့ဘက်ကလည်းပြန်ပစ်လို့ အပြန်အလှန်ပစ်ခတ်မှု က နာရီ၀က်လောက်ဖြစ်ခဲ့တယ်”လို့ DVB ကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဩဂုတ် ၂၉ ရက် မနက် ၅ နာရီ၀န်းကျင်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက် သေဆုံးတဲ့စစ်ကောင်စီတပ်သားတွေကို FAW ကားနဲ့ ပဒါန်းဘက်ကို သယ်ဆောင်သွားစဥ် မနက် ၁၀ နာရီလောက်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

PRA Magway ရဲ့တာ၀န်ခံတဦးက  “အဲ့ဒိ တိုက်ခိုက်မှု ၂ ကြိမ်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ကပစ ၁၄ က ဗိုလ်ကြီးမျိုးကျော်သူ အပါအ၀င် ၁၅ ဦးနီးပါးသေဆုံးတယ်လို့ မြေပြင်ကနေ သတင်းပေးပို့လာပါတယ်။ သူတို့ဆီက ကား တစီးကတော့ သုံးမရအောင် ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သြဂုတ် ၂၉ ရက် ညနေပိုင်းအထိ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့နေရာ မှာရှိနေပြီး ဘေးပတ်၀န်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို PRA Magway က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ် ၁၁ ရက် မနက် ၉ နာရီ၀န်းကျင်ကလည်း စစ်ကောင်စီတပ်ရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းထဲကို PRA Magway က ကိုယ်ပိုင်ထုတ်လုပ်တဲ့ 60 mm Rocket ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ ပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို သေဆုံးဒဏ်ရာရသူ အရေအတွက်နဲ့ ပတ်သက်ပြီးလည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013