မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြတယ်လို့ သိရပါတယ်။
ရမည်းသင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတဦးက “သူတို့ အင်အား ၅၀ လောက်ပါတဲ့ တပ်မ ၉၉ က ပေပင်ရှည်ရွာမှာတပ်စွဲပြီး အနီးအနားပတ်၀န်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ကောင်တွေကို ဘိုကုန်းရွာနားမှာ ၂ ရက်ဆက်တိုက် လမ်းကနေ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ဩဂုတ် ၂၃ ရက်က ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာမှာတပ်စွဲပြီး ပတ်၀န်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပထမနေ့မိုင်းဆွဲတုန်းကတော့ ၁၇ ကောင် သေတယ်။ နောက်ရက်မှာတော့ ၃ ကောင်ထပ်သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း မနည်းဘူးရှိတယ်။ လက်နက်တွေ ဘာတွေတော့ မရလိုက်ဘူး။ ကျနော်တို့ဘက်ကတော့ ဘယ်ရဲဘော်မှ ဘာမှမဖြစ်ကြပါဘူး” လို့ ရမည်းသင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ကြောင်းမှူးက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ညီနောင် ၄ ဖွဲ့ဖြစ်ကြတဲ့ ရမည်းသင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာစည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပျော်ဘွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ဒေါင်းတပ်ဖွဲ့ တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ လမ်းကင်းလုံခြုံရေးပေးဖို့ ထွက်လာတဲ့ ခလရ ၁၀၄ တပ်ရင်းမှ စစ်ကောင်စီတပ်သား တွေတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဗထူးတပ်မတော် (BHA) က ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၂၈ ရက်နေ့ မနက် ၇ နာရီ ၃၇ မိနစ်လောက်က ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ကျေးရွာနဲ့ ခလရ ၁၀၄ တပ်ရင်းကြားက လမ်းပိုင်းမှာ ကျောင်းကား အသွားအပြန်အတွက် လမ်းကင်းလုံခြုံရေးပေးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေအား ဗထူးတပ်မတော်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှု အချိန် ၃ မိနစ်ခန့်ပဲ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာက ကမြောကင်း အထကကျောင်း နဲ့ မိုင် ၁၅၀ အကွာမှာ ရှိပြီး အခင်းဖြစ်ချိန်တုန်းက ကျောင်းကားအသွားအလာနဲ့ အရပ်သားပြည်သူတွေလည်း ရှိမနေဘူးလို့ ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။
“ပစ်ခတ်မှုအတွင်းမှတော့ အသွားအလာမရှိဘူးဗျာ။ သူတို့က ကျောင်းကားမလာခင် ကင်းအရင် လာယူကြတာဆိုတော့ သူတို့သေတာက လွဲပြီး တခြားဘယ်သူမှ မထိခိုက်သွားပါဘူး။”
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့ပြီး MA-1 သေနတ်တလက်၊ MA-2 သေနတ်တလက်၊ ၅.၅၆ ကျည်တောင့် ၃၇၀၊ ကျည်ဘောက် ၈ ခု၊ ၄၀ မမ ဗုံးသီး ၃ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါဗုံးသီး ၃ လုံး၊ စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံး နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးဖြစ်ပြီးနောက် အခင်းဖြစ်တဲ့နေရာအနီးတဝိုက်မှာရှိတဲ့ ရွာတွေထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ်အတွင်းမှာ စစ်ကောင်စီတပ်အား စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူတွေ အသွားအလာ သတိရှိဖို့နဲ့ ပြည်သူ့ကာကွယ်ရေးဘက်က အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ကိုလည်း အသိပေးထားပါတယ်။