ပီရူးရဲတပ်ဖွဲ့ဟာ မြို့တော်လီမာမှာ ပတ်စ်ပို့အတု လုပ်ကိုင်တဲ့ ဂိုဏ်းတဂိုဏ်းကို သြဂုတ် ၂၅ ရက်မှာ နှိမ်နင်းခဲ့ပြီး ရာနဲ့ချီတဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းရမိခဲ့ပြီး လူ ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ တရားမဝင်အဖွဲ့ကို ၃ လကြာ စောင့်ကြည့်နေခဲ့ပြီး သူတို့ဟာ နိုင်ငံကူးလက်မှတ်တွေကို ခိုးယူတာ၊ ပတ်စ်ပို့အတုတွေ ထုတ်လုပ်တာနဲ့ ဖြန့်ဖြူးတာတွေမှာ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်းမှာ ပီရူး၊ အမေရိကန်၊ အာဂျင်တီးနား၊ စပိန်၊ ဂျပန်၊ ကိုရီးယားနဲ့ ဘရာဇီး အပါအဝင် နိုင်ငံအများအပြားမှ နိုင်ငံကူးလက်မှတ် ၃၃၄ စောင်ကို သိမ်းဆည်းရမိခဲ့ကြောင်း ပီရူးအမျိုးသားရဲတပ်ဖွဲ့ ရဲမှူးကြီး ဟိုဆေးခရုဇ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ယာဉ်မောင်းလိုင်စင် အခု ၂၀၀ နဲ့ တခြား သက်သေခံ အထောက်အထား စာရွက်စာတမ်း ၁၂၀ တို့ကိုလည်း ခိုးယူခံထားရတာတွေ့ရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
အဲဒီရာဇ၀တ်ဂိုဏ်းဟာ ယော်ဂဲရ်ချာဗက်ဇ်လေဆိပ်နဲ့ လီမာရဲ့ ခရီးသွားစင်တာတွေမှာ နိုင်ငံခြားသားခရီးသွားတွေနဲ့ ပီရူးနိုင်ငံသားတွေဆီမှ နိုင်ငံကူးလက်မှတ်တွေကို ခိုးယူတာနဲ့ အကြမ်းဖက် လုယက်မှုတွေ လုပ်ခဲ့တယ်လို့ ရဲမှူးကြီးခရုဇ်က ပြောပါတယ်။
ရွှေဆိုင်တဆိုင် ဟန်ပြဖွင့်ထားတဲ့ ယီရွန်း အိုကိုနာရပ်ကွက်အပိုင်းထဲမှ ဝင်စီးနင်းလိုက်တဲ့ ဘန်ကာတခုထဲမှာ ရဲတပ်ဖွဲ့ရဲ့ ပတ်စ်ပို့အတု စစ်ဆင်ရေးကို အဆုံးသတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
သူတို့ဟာ အဲဒီကနေ ပတ်စပို့တွေကို အတုလုပ်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေဆီ အမေရိကန်ဒေါ်လာ ၁၀,၀၀၀မှ ၁၅,၀၀၀ ကြားနဲ့ ရောင်းချခဲ့တာဖြစ်ကြောင်းလည်း ပြောပြပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်း လူ ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူတို့ကို ခိုးယူမှုနဲ့ အထောက်အထားစာရွက်စာတမ်းတွေ အတုအပပြုလုပ်မှုတို့နဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။
Source-Reuters