ပီရူးရဲတပ်ဖွဲ့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာ ဗင်နီဇွဲလား နိုင်ငံ့လက်ရွေးစင် ကစားသမားတစ်ဦး အပေါ် နံပါတ်တုတ်နဲ့ရိုက်နှက် ပြုမူဆက်ဆံမှုအပေါ် ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ် (FVF) က နိုဝင်ဘာလ ၂၂ ရက်မှာ ရှုတ်ချခဲ့ပြီး ပီရူးဟာ မျက်ကန်းမျိုးချစ်ရောဂါ ရှိနေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ပီရူးနိုင်ငံမှာ လူမျိုးရေး ခွဲခြားတဲ့ အာဏာရှင်စနစ်ရဲ့ မျက်ကန်းမျိုးချစ်ရောဂါက ဗင်နီဇွဲလား အမျိုးသား ဘောလုံးလက်ရွေးစင်အသင်းအပေါ် အကြမ်းဖက်မှုနဲ့ ရန်စမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ၊ နီကိုလက်စ် မာဒူရိုက ပြောပါတယ်။
ဗင်နီဇွဲလား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ယော်ဂဲရိုဒရီဂွက်ဇ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အီဗန်ဂီးလ် တို့ကလည်း ပီရူးနိုင်ငံကို သူတို့ရဲ့ အမျိုးသားရေးဘက်က ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုခဲ့ကြပါတယ်။
ဗင်နီဇွဲလား အမျိုးသားဘောလုံးအသင်းကို ပြိုင်ပွဲမှာ အနိုင်မရတော့ ကစားသမားတွေကို အားကစားကွင်းထဲမှာ ပီရူးရဲအရာရှိတွေက တိုက်ခိုက်ခဲ့တယ်လို့ ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌ ယော်ဂဲ ရိုဒရီဂွက်ဇ်က ပြောပါတယ်။ “ကွင်းထဲမှာပဲ အနိုင်ယူပါ၊ သူရဲဘော မကြောင်ပါနဲ့“ လို့လည်း ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်က လီမာမြို့တော်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲ အပြီးမှာ ဗင်နီဇွဲလား ကစားသမား နာဟွယ်လ်ဖယ်ရာရေ့စီက ဗင်နီဇွဲလားပရိသတ်တွေနား ချဉ်းကပ်ဖို့ ကြိုးစားခဲ့ချိန်မှာ နံပါတ်တုတ် ကိုင်ဆောင်ထားတဲ့ ပီရူးရဲအရာရှိက ၂ ချက်တိတိ ရိုက်ခဲ့တာကြောင့် သူ့ဘယ်ဘက်လက်က လက်ချောင်းတွေ ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်တွင်းမီဒီယာကို ပြောပါတယ်။
Source/Photo - Reuters