ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့တုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတွေနဲ့ အလုပ်သဘော တွေ့ဆုံစဥ်က တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ စည်း ၃ စည်း ချမှတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီစည်း ၃ စည်း ဆိုတာကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းမတည်မငြိမ်ဖြစ်ပြီး ပြည်တွင်းစစ် ဖြစ်လို့မရဘူး ဆိုတာရယ်၊ အာဆီယံမိသားစုလမ်းကြောင်းက ကင်းကွာလို့မရဘူး ဆိုတာရယ်၊ ပြင်ပအင်အားစုတွေ ထင်သလို စိမ့်ဝင်ကာ ဝင်ရောက်စွက်ဖက်လာတာကို ခွင့်မပြုဘူးဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ပထမ ၂ ချက်ကို အသာထားပြီး တတိယအချက်ဖြစ်တဲ့ “ပြင်ပအင်အားစုတွေရဲ့ စွက်ဖက်မှု” ဆိုတာကိုပဲ အဓိကထား ဆွေးနွေးချင်ပါတယ်။ ပထမဦးစွာ အခုစာဖတ်တဲ့သူအနေနဲ့ “ပြင်ပအင်အားစုတွေ ထင်သလို ဝင်ရောက်စိမ့်ဝင်ကာ ဝင်ရောက်စွက်ဖက်တာကို တရုတ်က ခွင့်မပြုဘူး” ဆိုတဲ့ စကားရပ်ကို နှစ်ခေါက် သုံးခေါက် ပြန်ဖတ်ကြည့်ပါဦး။
“ဘယ်လောက်များ ပိုင်စိုးပိုင်နင်း နိုင်ပါသလဲ။ ခွင့်မပြုဘူး” ဆိုပါလား။ မသိရင် သူပိုင်တဲ့ ပစ္စည်းလိုပါပဲ။ ဘယ်လောက်များ လူဝါးဝပါသလဲ။ ငါ့ခြံထဲကကြက် ငါပိုင်တယ်၊ ငါ့ပစ္စည်းကို လာမထိနဲ့ ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်မနေဘူးလား။ သူပိုင်တဲ့ ကိုလိုနီနယ်တခုလိုမျိုး ပြောလိုက်သလိုပါပဲ။
ပါးစပ်ကသာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာညာနဲ့ ပြောနေပေမဲ့ အခုလို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာတော့ မြန်မာနိုင်ငံကို သူ့ရဲ့ လက်အောက်ခံပြည်နယ်၊ ကိုလိုနီတခုလို သဘောထားနေတာ တွေ့မြင်ရမှာပါ။ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ တကယ့်သဘောထား အစစ်အမှန် ဘယ်လိုရှိသလဲ ဆိုတာကို အထင်းသား တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် “မြန်မာ့အရေးကို၊ မြန်မာနိုင်ငံကို ကိုယ်ပိုင်တဲ့ပစ္စည်းသဖွယ် ခြယ်လှယ်ချင်သလို ခြယ်လှယ်၊ စွက်ဖက်ချင်သလို စွက်ဖက်နေတာဟာ တကယ်တမ်း ဘယ်သူလဲ ဆိုတာ” ကို မြန်မာနိုင်ငံသားတယောက်အနေနဲ့ ခပ်ဝံ့ဝံ့ မေးစမ်းပစ်လိုက်ချင်ပါတယ်။
စွက်ဖက်မှုဆိုတာ
Lassa Oppenheim ဆိုတာ နိုင်ငံတကာဥပဒေနယ်ပယ်မှာ ထင်ရှားတဲ့ ဥပဒေပညာရှင် တယောက်ပါ။ အများပြည်သူဆိုင်ရာ ဥပဒေမှာပဲဖြစ်ဖြစ်၊ စာချုပ်ဥပဒေမှာပဲဖြစ်ဖြစ် သူ့ရဲ့ အယူအဆတွေကို မကိုးကားရင် မရတဲ့အထိ ခေတ်သစ်နိုင်ငံတကာ ဥပဒေနယ်ပယ်မှာ ဩဇာကြီးမားပါတယ်။ ဆရာကြီးဟာ ဝင်ရောက်စွက်ဖက်မှုနဲ့ ပတ်သက်လို့ရှိရင်လည်း သူ့အယူအဆကို ဖော်ထုတ်ခဲ့ပါတယ်။ ၁၉၀၅ နဲ့ ၁၉၀၆ ခုနှစ်မှာ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ နာမည်ကျော် “International Law, A Treatise” ဆိုတဲ့ကျမ်းထဲမှာ ဝင်ရောက်စွက်ဖက်မှု ဆိုတာကို အခုလို အဓိပ္ပာယ်ဖွင့်ဆိုခဲ့တာပါ။
“ဝင်ရောက်စွက်ဖက်မှုဆိုတာ နိုင်ငံတနိုင်ငံက အခြားတနိုင်ငံရဲ့ ပကတိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ပြောင်းလဲဖို့ (ဝါ) ထိန်းသိမ်းဖို့အတွက် ပြည်တွင်းရေးကိစ္စတွေမှာ အာဏာရှင်ဆန်ဆန် ဝင်ရောက်နှောင့်ယှက်တာ ဖြစ်ပါတယ်” လို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
ဒီနေရာမှာ “အာဏာရှင်ဆန်ဆန်” ဆိုတဲ့ စကားရပ်ကို ထပ်ပြီး ရှင်းလင်းရရင် “ဝင်ရောက်စွက်ဖက်တာကို စွက်ဖက်ခံရတဲ့နိုင်ငံက ပြည်သူတွေရဲ့ သဘောဆန္ဒမပါဘဲ ပြုလုပ်တာမျိုး” ကို ဆိုလိုတာပါ။
ထိုနည်းတူ ခေတ်သစ် နိုင်ငံတကာဥပဒေနယ်ပယ်က နောက်ထပ် ဥပဒေပညာရှင်တယောက်ရဲ့ အယူအဆကိုလည်း ဖော်ပြချင်ပါတယ်။ သူကတော့ ထင်ရှားတဲ့ ဗြိတိသျှ ဥပဒေပညာရှင် Ian Brownlie ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ်က ပထမဆုံးအကြိမ် ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ အထင်ကရစာအုပ် “International Law and the use of force by States” ထဲမှာ ဝင်ရောက်စွက်ဖက်မှုအကြောင်း အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေးမှာ အင်အားအသုံးပြုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြထားပါတယ်။ အဲဒီစာအုပ်ထဲမှာပဲ ဝင်ရောက်စွက်ဖက်မှုကို အခုလို အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
“ဝင်ရောက်စွက်ဖက်မှုဆိုတာ နိုင်ငံတနိုင်ငံကနေ အခြားတနိုင်ငံရဲ့ ပြည်တွင်း (ဝါ) ပြည်ပကိစ္စရပ်တွေမှာ အတင်းအကျပ် (ဝါ) အနိုင်အထက် ပြုကျင့်တဲ့လုပ်ရပ် ဖြစ်ပါတယ်” လို့ ဖွင့်ဆိုခဲ့ပါတယ်။
Ian Brownlie ရဲ့ အယူအဆဟာလည်း Lassa Oppenheim နဲ့ မနီးယိုးစွဲ ရှိပါတယ်။ ဒါတွေကို ခြုံငုံပြီးပြောရရင် နိုင်ငံတကာဥပဒေအမြင်မှာ ဝင်ရောက်စွက်ဖက်မှု ဆိုတာဟာ နိုင်ငံတနိုင်ငံ (သို့) နိုင်ငံအဖွဲ့တွေကနေ အခြားတနိုင်ငံရဲ့ ပြည်တွင်း ပြည်ပ အရေးကိစ္စတွေမှာ ဝင်ရောက်နှောင့်ယှက်မှုလို့ ယေဘုယျ ပြောနိုင်ပါတယ်။
ဝင်ရောက်စွက်ဖက်မှု အမျိုးအစား
ဝင်ရောက်စွက်ဖက်တယ် ဆိုရာမှာ စစ်အင်အားသုံး စွက်ဖက်တာ တခုတည်းကိုပဲ ခေါ်ဆိုတာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်တာ၊ စီးပွားရေးအရ ဝင်ရောက်စွက်ဖက်တာ စတဲ့ တခြားသော ဝင်ရောက်စွက်ဖက်မှုတွေလည်း ရှိပါတယ်။
နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ရာမှာ အုပ်စုတစုကို သံတမန်နည်းအရ ထောက်ခံပေးတာတွေ ပါဝင်ပါတယ်။ ဆန့်ကျင်ဘက်အုပ်စုက ရွေးကောက်ပွဲလုပ်တာမျိုးကို ထောက်ခံပေးတာမျိုးတွေလည်း ပါဝင်ပါတယ်။ ထိုနည်းတူ စစ်လက်နက်ပစ္စည်းတွေ ရောင်းချတာတွေလည်း ပါဝင်ပါတယ်။ ဒါကတော့ စစ်ရေး၊ နိုင်ငံရေး ရောနှောပြီး စွက်ဖက်တာမျိုးပါ။
ထိုနည်းလည်းကောင်း စီးပွားရေးအရ ပိတ်ဆို့ရာမှာ အခြားနိုင်ငံတနိုင်ငံရဲ့ ဆိပ်ကမ်းကို မဝင်နိုင်အောင် (ဝါ) မထွက်ခွာနိုင်အောင် ရုပ်ပိုင်းဆိုင်ရာအရ ပိတ်ဆို့တာမျိုးတွေ၊ နယ်စပ်ဂိတ် အဝင်အထွက်တွေကို အသုံးမပြုနိုင်အောင် ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တာမျိုးတွေ ပါဝင်ပါတယ်။
တရုတ်အစိုးရရဲ့ စွက်ဖက်မှုတွေ
အထက်ဖော်ပြပါ အချက်အလက်တွေ ဖော်ပြပြီးတဲ့နောက် တရုတ်အစိုးရရဲ့ လက်တွေ့ပိုင်းအရ မြန်မာ့အရေးမှာ ဘယ်လောက်အထိ ဝင်ရောက်စွက်ဖက်နေတယ် ဆိုတာကို ချိန်ထိုးကြည့်ကြရအောင်ပါ။
ဥပဒေမှာ ပြစ်မှုမြောက်ခြင်းဆိုတာ မပြုလုပ်ရဘူးလို့ တားမြစ်ထားတာကို ပြုလုပ်တာတင် မကဘူး။ ပြုလုပ်ရမယ်လို့ ပြဋ္ဌာန်းထားတဲ့ဟာကို မပြုလုပ်တာ၊ ပျက်ကွက်တာမျိုးလည်း ပါဝင်ပါတယ် ဆိုတဲ့အကြောင်း ဦးစွာ ဖော်ပြချင်ပါသေးတယ်။
ပထမဦးစွာ တရုတ်အစိုးရရဲ့ နိုင်ငံတကာနယ်ပယ်မှာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ သဘောထား ရပ်တည်ချက်တွေကို ပြန်ပြောင်း စဉ်းစားကြည့်လိုက်ကြရအောင်ပါ။
(၁) ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးပွဲမှာ စစ်ကောင်စီတပ်ကို အရေးယူဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ အဲဒီ တံခါးပိတ်အစည်းအဝေးမှာ မြန်မာပြည်ကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွေးနွေးခဲ့ကြပေမဲ့ တရုတ်ဘက်က ပယ်ချခဲ့တာကြောင့် ဘာဆုံးဖြတ်ချက်မှ ထွက်မလာခဲ့ကြပါဘူး။ အဲဒီတုန်းက တရုတ်နိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ဖြစ်တဲ့ Zhang Zun က နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုတွေအပေါ် မူတည်ပြီး သံတမန်ရေးအရပဲ ဆောင်ရွက်သင့်ပါတယ် ဆိုပြီးတောင် ပြောခဲ့ပါသေးတယ်။
(၂) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး မကြာခင်မှာပဲ ကုလလုံခြုံရေးကောင်စီမှာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရ ပြန်လည်ရောက်ရှိစေဖို့ တောင်းဆိုတဲ့ ကြေညာချက်တခုကို ထုတ်ပြန်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားတို့က အဲဒီထုတ်ပြန်ချက်ကို ကန့်ကွက်ခဲ့ကြတာပါ။
(၃) ၂၀၂၂ ခုနှစ်၊ ဇွန်လပိုင်းတုန်းကလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် သီးခြားပိတ်ဆို့ ဒဏ်ခတ်မှုတွေ လုပ်ဖို့နဲ့ လက်နက်တင်ပို့ရောင်းချတာတွေကို ပိတ်ဆို့အရေးယူဖို့ မူကြမ်းဆုံးဖြတ်ချက်တခုကို ကုလမှာ ချမှတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကိုလည်း တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။
(၄) ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်ဖို့ဆိုပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တရပ် ချမှတ်ခဲ့ကြပါတယ်။ အဲဒီဆုံးဖြတ်ချက်အတွက် မဲပေးရာမှာ ကုလလုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြတာပါ။
ဒီအဖြစ်အပျက်တွေအရ တရုတ်ဟာ မြန်မာ့အရေးကိစ္စတွေမှာ ဘယ်လိုသဘောထား ရပ်တည်ချက် ရှိနေသလဲ ဆိုတာကို အရှင်းသား တွေ့မြင်နိုင်မှာပါ။ အခုလို နိုင်ငံတကာ နယ်ပယ်မှာတင် ကန့်ကွက်တားဆီးတာလားဆိုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာလည်း ထိုနည်းအတိုင်းပါပဲ။ အခုနောက်ပိုင်းဆိုရင် ဗြောင်ကျကျနဲ့ကို မျက်နှာပြောင်တိုက်ပြီး ခေါင်းဝင်ကိုယ်ဆံ့ လုပ်လာတာပါ။ နိုင်ငံတကာရဲ့ မျက်နှာစာမှာတုန်းက လူကြားကောင်းအောင် ပြည်တွင်းရေးမှာ ဝင်မစွက်ဘူးဆိုတဲ့ တရုတ်ဟာ လက်တွေ့မှာ မြန်မာပြည်တွင်းရေးမှာ ဘယ်လောက်အထိ ဝင်စွက်ဖက်နေသလဲဆိုတာ ကြည့်ကြရအောင်ပါ။
(၁) ၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးစပြီး ကာလ ၇၇ ရက်ကြာပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ တရုတ်ရဲ့ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အကြား မလွှဲမရှောင်သာ အပစ်ရပ်ခဲ့ရပါတယ်လို့ မဟာမိတ်တွေကိုယ်တိုင် တရားဝင် ထုတ်ပြန်ခဲ့ရတာပါ။
(၂) ၂၀၂၄ ဇူလိုင် ၁၄ ကနေ ၁၈ အထိ တရုတ်ကွန်မြူနစ်ပါတီရဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပမှာကြောင့် စစ်ဆင်ရေး ၄ ရက်တာ အပစ်ရပ်ဖို့ တရုတ်က တောင်းဆို ဖိအားပေးခဲ့ပါတယ်။
(၃) အဲဒီရက်ပိုင်းအတွင်း ၂၀၂၄ ဇူလိုင်လ ၁၉ ရက်ကနေ ၃၁ ရက်အထိ အပစ်ရပ်ဖို့ တရုတ်က တောင်းဆိုတာကြောင့် စစ်ဆင်ရေးကို ရပ်ဆိုင်းခဲ့ရပါတယ်။
(၄) MNDAA တို့ရဲ့ ကိုးကန့်နယ်ဘက်ကို ဆန်၊ ဆီ စသည် စားနပ်ရိက္ခာအပြင် တခြားကုန်ပစ္စည်း တင်ပို့တာမျိုးတွေ ရပ်ခိုင်းတာတွေ ရှိပါတယ်၊ မရပ်ရင် ဝပြည်ရဲ့ ဂိတ်ကြီးတွေဖြစ်တဲ့ မုန်အားဂိတ်၊ ချန်ယံဂိတ်တို့ကို ပိတ်ပင်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိပါတယ်။
(၅) MNDAA နဲ့ TNLA တို့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ဇူလိုင်လ တတိယအပတ်ကစပြီး တရုတ်ဘက်က ပိတ်ပစ်လိုက်ပါတယ်။
(၆) ၁၀၂၇ part 1 တုန်းကလည်း ညီနောင် ၃ ဖွဲ့အနေနဲ့ အပစ်ရပ်တာတွေကို လိုက်လျောမှုမရှိရင် သိမ်းပိုက်ထားတဲ့ နယ်မြေတွေဘက်ကို ဘာပစ္စည်းမှ ဝင်ထွက်မရအောင် တရုတ်ဘက်က တံခါးပိတ်ပစ်မယ် ဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် အဲ့လို ပိတ်ဆို့တာတွေဟာ NUG နဲ့ အဆက်အဆံလုပ်လို့ ဆိုတာကြောင့်လည်း ပါဝင်ပါတယ်။
(၇) ၂၀၂၄ မတ်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားတုန်းကလည်း တရုတ်ဘက်က မတိုက်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါတွေကတော့ လက်လှမ်းမီသလောက် ကိုးကားဖော်ပြလိုက်ရတာပါ။
ဘယ်သူက အရေးကြီးဆုံးလဲ
တရုတ်အစိုးရကတော့ အပေါ်က ဖော်ပြခဲ့တဲ့အတိုင်း ပုံစံအမျိုးမျိုးနဲ့ မြန်မာပြည်တွင်းရေးကို ခြယ်လှယ်လာနေပါပြီ။ နိုင်ငံတနိုင်ငံမှာ အရေးကြီးဆုံးက ဘာလဲဆိုရင် အဲဒီ သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းမှာ အမြဲတမ်းနေထိုင်ကြတဲ့ ပြည်သူတွေပဲ ဖြစ်ပါတယ်။ အဲဒီ ပြည်သူတွေကြောင့်သာ အစိုးရဆိုတာ ပေါ်ပေါက်လာတာပါ။ ဒါကြောင့် ပြည်သူတွေဟာ အသိဉာဏ်ရှိရှိ၊ သတ္တိရှိရှိ၊ ညီညွတ်မှုရှိရှိနဲ့ တရုတ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြရမှာပါ။
မှန်ပါတယ်။
တရုတ်ဟာ ကမ္ဘာမှာတင်မက အာရှမှာလည်း အင်အားကြီးနိုင်ငံတနိုင်ငံပါ။
မှန်ပါတယ်။
တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းတိုင်းပြည်တွေ ဖြစ်လို့ လူတွေလို ဒီအိမ်နီးချင်းနဲ့ အတူမနေချင်လို့ ဆိုပြီး အိမ်ပြောင်းဖို့၊ နေရာပြောင်းဖို့ မဖြစ်နိုင်ပါဘူး။
မှန်ပါတယ်။
နိုင်ငံရေးဆိုတာ အကျိုးစီးပွားကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် အကျိုးစီးပွားတွေနဲ့ ကစားနေကြတဲ့ လက်တွေ့နိုင်ငံရေးကိုလည်း မျက်ခြည်မပြတ်ရပါဘူး။
ဒါပေမဲ့ မြန်မာပြည်သူတွေဟာ တရုတ်အစိုးရရဲ့ ကျွန်တွေ မဟုတ်ပါဘူး။
မြန်မာပြည်သူတွေနေတဲ့ မြန်မာနိုင်ငံဟာ တရုတ်ပြည်ရဲ့ sub-state ပြည်နယ်ခွဲ မဟုတ်ပါဘူး။
တရုတ်ပြည်ရဲ့ ကိုလိုနီ မဟုတ်ပါဘူး။
အကျိုးစီးပွားကိုလည်း ကြည့်တတ်ဖို့လိုပေမဲ့ ကျင့်ဝတ်တွေကိုလည်း စောင့်ထိန်းရမှာပါ။ မတရားတာကို တုံ့ပြန်တတ်ဖို့၊ လွတ်လပ်မှုကို မြတ်နိုးတတ်ဖို့၊ တန်းတူမှုကို တန်ဖိုးထားတတ်ဖို့ဟာလည်း ကမ္ဘာကြီး တကယ့် ရေရှည်ငြိမ်းချမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်ကျင့်သီလတွေ ဖြစ်ပါတယ်။
အိမ်နီးချင်းမို့၊ အင်အားကြီးနိုင်ငံ ဖြစ်လို့ဆိုပြီး နိုင်ရာစား ပြုသမျှ နုခံရတဲ့ jungle law တောရိုင်းဥပဒေသကို မြန်မာပြည်သူတွေအပေါ်ကို လာရောက်ကျင့်သုံးတာကို ဆန့်ကျင်ရမှာပါ။ အင်အားကြီးတိုင်း ကြောက်ရမယ်ဆိုရင် ကမ္ဘာပေါ်က တော်လှန်ရေးမှန်သမျှ ကျဆုံးရဖို့သာ ရှိပါတယ်။
ကမ္ဘာ့အဆင့် ဘယ်လောက်ရှိပါတယ်ဆိုပြီး သင်္ကြန်အမြောက်ဖောက်နေတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကိုတောင် ပြိုလဲအောင် လုပ်နိုင်နေပြီဖြစ်တာမို့ တရုတ်အစိုးရရဲ့ ဗိုလ်ကျစိုးမိုးမှုကိုလည်း မြန်မာပြည်သူတွေဟာ အသိဉာဏ်ရှိရှိ၊ သတ္တိရှိရှိ၊ ညီညွတ်မှုရှိရှိနဲ့ အောင်မြင်စွာ ကျော်ဖြတ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။