လီအန်ဒရိုထရော့ဆတ်ဟာ အသင်းရှိ ကစားသမားတွေအတွက် အတုယူစရာ စံပြကစားသမား ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမားဟာ အက်စ်တန်ဗီလာနဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမဲ့ ပွဲချိန် ၆၅ မိနစ်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
ပွဲထွက်ကစားခွင့်မရတဲ့ ကစားသမားတိုင်းက စိတ်ခံစားချက်ရှိစမြဲဖြစ်ပြီး ထရော့ဆတ်ဟာလည်း ကြိုက်နှစ်သက်မှာမဟုတ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
ပွဲထွက်ခွင့်မရတဲ့ စိတ်ခံစားချက်ကို ကွင်းထဲမှာ သွင်းဂိုးနဲ့ သက်သေပြခဲ့ပြီး တုံ့ပြန်ခဲ့တဲ့ ထရော့ဆတ်ဟာ အသင်းရှိ ကစားသမားတွေအတွက် အတုယူ စံပြကစားသမားဖြစ်ကြောင်း နည်းပြအာတေတာက ချီးကျူးခဲ့တာပါ။
အသက် ၂၉ နှစ်ရှိ ထရော့ဆတ်ဟာ မနှစ်ကရာသီမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပွဲတိုင်းကစားခွင့်မရခဲ့ပေမဲ့ အသင်းအတွက် စုစုပေါင်း ၁၇ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။