မန်ယူနိုက်တက်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ အနည်းဆုံး သရေရလဒ် ရရှိအောင် ကစားနိုင်သင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပွဲပြီးခါနီး ပေးဂိုးကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ပွဲအပြီး အင်တာဗျူးမှာတော့ မန်ယူအသင်းအနေနဲ့ ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာက အဓိကအချက်ဖြစ်ပြီး အနည်းဆုံးသရေရလဒ် ရရှိသင့်ကြောင်း နည်းပြတန်ဟတ်ဂ်က သုံးသပ်ခဲ့တာပါ။
သွင်းဂိုး ၂ ဂိုး လွယ်လွယ်ကူကူ ပေးလိုက်ရပြီး အသင်းတိုက်စစ်ပိုင်းကလည်း ပါးနပ်မှုရှိဖို့လိုသလို အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်သင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ပွဲအချက်အလက်တွေအရတော့ ၁၄ ကြိမ် ဂိုးကန်သွင်း ချက်ရှိခဲ့တဲ့ ဘရိုက်တန်အသင်းက ၁၁ ကြိမ် ဂိုးကန်သွင်းခွင့် ရခဲ့တဲ့ မန်ယူအသင်းထက် ပိုများခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အရေးလည်း ပိုများခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲကစားအပြီးမှာ ဂိုးကန်သွင်းချက်မရရှိခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုလည်း အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ဝေဖန်သွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ဖူဟမ်၊ ဘရိုက်တန်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပေမဲ့ ဂိုးပေါက်ကန်သွင်းချက် တကြိမ်မှ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ငယ်ရွယ်တော့တဲ့သူ မဟုတ်တာကြောင့် ကွင်းအတွင်း နေရာယူပုံတွေမှာ တိုးတက်ဖို့ လိုအပ်နေသေးပြီး ဘရိုက်တန်နဲ့ပွဲမှာလို လူကျွံဘော နှစ်ကြိမ်ဖြစ်ခဲ့တာမျိုး မဖြစ်သင့်ကြောင်း အလန်ရှီးယားက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှူးဟောင်းလည်းဖြစ် လက်ထောက်နည်းပြလည်းဖြစ်တဲ့ နစ္စတယ်ရွိုင်းနဲ့ အချိန်ပိုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပေမဲ့ တိုးတက်လာခြင်းမရှိကြောင်း တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ဝေဖန်သွားခဲ့တာ ဖြစ်ပါတယ်။