ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာကို သြဂုတ် ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးမိခင်တယောက် သေဆုံးပြီး ကျေးရွာသား ၄ ယောက် ထိခိုက်ခဲ့တယ်လို တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစင်းဟာ သြဂုတ် ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်လောက်မှာ ကျေးရွာထဲကို ဗုံး ၃ လုံးကြဲချသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံး ၃ လုံးလာကြဲသွားတာ။ ဘုန်းကြီးကျောင်းအနီးမှာ တလုံးနဲ့ ရွာအထဲကို ၂ လုံးကျတယ်လို့ သိရတယ်။ မွေးကင်းစမိခင် တဦးသေတယ်။ နောက်ထပ် ကျေးရွာသား ၄ ဦး ထိခိုက်သွားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၂၆ နှစ်အရွယ် မခင်ယုနန္ဒထွန်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားသူတွေကတော့ ဆေးကုသနေကြသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက နေအိမ် ၄ လုံး ပျက်စီးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့ကလည်း တောင်ကုတ်မြို့က မိုးပညာဒါနကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို အခုရက်ပိုင်းအတွင်းမှာ မကြာခဏ လေကြောင်းကနေ လာရောက်ပစ်ခတ်နေပြီး တပတ်အတွင်း တောင်ကုတ်မြို့နယ်ကို လေကြောင်းကနေ ၅ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
တောင်ကုတ်မြို့နယ်အတွင်းမှာ ဇူလိုင်လဆန်းပိုင်းက AA နဲ့ စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ကြပေမဲ့ သြဂုတ်လအတွင်းမှာတော့ တိုက်ပွဲဖြစ်တာ လုံးဝမရှိသေးပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံနိုင်စွမ်းမရှိတာကြောင့် အရပ်သားတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေတာလို့ စစ်ရေးအကဲခတ်တွေကပြောပြီး ရခိုင်တိုက်ပွဲ ၉ လကျော်အတွင်း အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထားပြီး လက်ရှိမှာ မောင်တော၊ သံတွဲနဲ့ ဂွမြိုနယ်တို့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ပါတယ်။