ရေကြီးရေလျှံမှုဒဏ်ခံစားနေရတဲ့ ဧရာဝတီတိုင်း၊ ငါးသိုင်း ချောင်းမြို့နယ် ကွင်းလျှားကျေးရွာက ဒေသခံ အယောက် ၈၀၀ အကူအညီလိုအပ်နေပါတယ်။
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ် အုန်းပင်စုကျေးရွာ အုပ်စု၊ ကွင်းလျှားကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က စတင်ကာ ငဝန်မြစ်ရေ မြင့်တက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ကာ တလကျော်လာတဲ့ သြဂုတ် ၂၂ ရက်အထိ ရေပြန်ကျသေးဘဲ ရေကြီးရေလျှံတဲ့ ဒဏ်ခံစားနေရတာလို့ သိရပါတယ်။
ဒေသခံ တယောက်က “ရေပြန်မကျသေးတော့ ဘာမှလုပ်မရ၊ ဘယ်မှသွားမရတော့ အကူအညီလိုနေတာပေါ့။ ပြီးခဲ့တဲ့ ရက်တွေက ပရဟိတအဖွဲ့တွေက လာလှူတာရှိတယ်။ လူဦးရေက များနေတော့ လိုအပ်တာနဲ့မမျှဘူး။ အခုက စားစရာတွေ အဓိကလို အပ်နေတာ” လို့ ပြောပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အခု ရေဘေးသင့်တွေက တချို့က ကုန်းမြင့်ဒေသတွေမှာ ပြောင်းနေတာ။ တချို့ကလည်း ရေမရောက်တဲ့နေရာတွေမှာ နေတယ်။ တချို့က ဘုန်းကြီးကျောင်းမှာနေတယ်။ လူအယောက် ၈၀၀ လောက်ဆိုတော့ လိုအပ်ချက်က အရမ်းများနေတာ။ ရေဘေးဒဏ်ခံရတာကလည်း တလလောက်ရှိပြီလေ” လို့ ပြောပါတယ်။
အဲ့ဒီ ရေဘေးသင့် ဒေသခံတွေထဲက တချို့ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖျားနားတာတွေဖြစ်နေပြီး ဆေးဝါးအကူအညီလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ငါးသိုင်းချောင်း အုန်းပင်စုကျေးရွာအုပ်စု၊ ကွင်းလျှားကျေးရွာမှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူအယောက် ၈၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။