တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာမှာ လူ ၂ ဦးအသတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးလင်မယား ၂ ဦးနဲ့ အမျိုးသမီးတဦးတို့အား စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ကျေးရွာနေပြည်သူတွေဆီက သိရပါတယ်။
တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးရွာမှာ သြဂုတ် ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲလောက်မှာ ရာအိမ်မှူးတဦးနဲ့ ရွာသားတဦးတို့ အသတ်ခံရပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမိုးဇော်နဲ့ဇနီးသည်အပါအဝင် ရွာခံအမျိုးသမီးတဦးတို့အား ဖမ်းဆီးလိုက်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
အဆိုပါလူ ၂ ဦး အသတ်ခံရတဲ့နေ့မှာပဲ ရွာထဲအလောင်းသယ်ဖို့ ရောက်လာတဲ့ ပန်းဇင်ရွာရဲ့ ပြည်သူ့စစ်အဖွဲ့တွေကနေ ညအချိန်မှာ ရွာခံအမျိုးသမီးတဦးဖြစ်တဲ့ မမီးမဲဆိုသူအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရွာခံအမျိုးသားတဦးက ပြောပါတယ်။
“၂ ဦး အသတ်ခံရပြီး အလောင်းလာယူတဲ့နေ့ ညဘက်မှာဘဲ သူ့ကိုဖမ်းသွားတာပါ။ ဘာကြောင့်ဆိုတာတော့မသိဘူး။ အခင်းဖြစ်တော့ တရွာလုံး အပြင်တောင် ထွက်မရဲကြဘူး။ အိမ်တံခါးတွေပိတ်ပြီး နေကြတာလေ။”
အဲ့ဒီနောက်မှာ မြိတ်မြို့ကို ရောက်ရှိနေတဲ့ မင်းခေါင်းဆေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးဇော်နဲ့ ဇနီးဖြစ်သူတို့အား သြဂုတ် ၂၀ ရက်နေ့ နေအိမ်မှာ စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းစုပကဖအဖွဲ့က ပြောပါတယ်။
ကျွန်းစုပကဖအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက “သူတို့ ၂ ယောက်က မြိတ်မှာရောက်နေတာကြာပြီလို့ သိထားရတယ်။ ပျူစောထီး ၂ ယောက်ကို သွားပစ်တဲ့နေ့မှာ အုပ်ကြီးတို့မရှိဘူး။ နောက်နေ့တော့ မြိတ်မှာ ဖမ်းခံရတယ်ကြားတယ်” လို့ ပြောပါတယ်။
မင်းခေါင်းဆေးရွာခံတွေဖြစ်ကြတဲ့ ရာအိမ်မှူးဦးနောင်မေးနဲ့ ကြယ်စင်အောင်တို့အား ပျူစောထီးဖွဲ့ဖို့ လုပ်ဆောင်နေတဲ့အတွက်ကြောင့် နေအိမ်မှာပဲ သွားရောက်ဖမ်းဆီးရာမှာ ပြန်လည်ခုခံဖို့လုပ်တဲ့အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ကျွန်းစုပကဖအဖွဲ့က သြဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်တာကြောင့် အဆိုပါ အုပ်ချုပ်ရေးမှူးလင်မယား ၂ ဦးအပါအဝင် ၃ ဦးအား စစ်ကောင်စီက ဖမ်းဆီးလိုက်တာမျိုး ဟုတ်မဟုတ် DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးလင်မယားနဲ့ အမျိုးသမီးတဦးတို့အား စစ်ကောင်စီက ပြန်လွတ်မပေးသေးပေမဲ့ မြိတ်မြို့က စစ်ကြောရေးတခုမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။