ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှာ သြဂုတ် ၂၂ ရက် မနက်အစောပိုင်းက မိုးရွာသွန်းမှု နဲ့အတူ တောင်ကျရေစီးဆင်းခဲ့တာကြောင့် ဝမ်တောင်းလမ်း (ဓာတ်လုံစေတီတော်သွားလမ်း) ပေါ်ရှိ တံတားတစင်း ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
မနေ့ ညပိုင်းကစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ တောင်ကျရေစီးဆင်းခဲ့တာကြောင့် ဓာတ်လုံစေတီတော်သွားလမ်းပေါ်ရှိ တံတားတစင်းမှာ ပြိုကျပျက်စီးခဲ့တာလို့ နယ်ခံတဦးက ပြောပါတယ်။
"မနေ့ညပိုင်းကတည်းက မိုးကတအားရွာတော့ ပြိုကျသွားတာပေါ့။ ဒီတံတားကလည်း နှစ်ကြာနေပြီ။ လောလောဆယ်တော့ အုပ်ချုပ်ရေးအဖွဲ့တွေက ယာယီလမ်းလွှဲ လုပ်ပေးထားတယ်။”
အဲ့ဒီပြိုကျပျက်စီးသွားတဲ့ တံတားမှာ နှစ်ပေါင်းအားဖြင့် နှစ် ၂၀ ဝန်းကျင်ရှိကြောင်းနဲ့ လတ်တလော ဒီတံတားနေရာမှာ အရှည် ၂၅ ပေ၊ အကျယ် ပေ ၂၀ ရှိတဲ့ တံတားတစင်း ဆောက်လုပ်သွားဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စီစဉ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်နဲ့ မိုင်းယောင်းခရိုင်တို့မှာ မနေ့ ဩဂုတ် ၂၁ ရက်နေ့ ညပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့ပါတယ်။
အလားတူ မနေ့ မနက် ၁၀ နာရီကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-တောင်ကြီးလမ်းပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ရင်ကွဲတောင်မှာ မြေပြိုကျလို့ မော်တော်ယာဥ်အစီး ၁၀၀ ကျော် လမ်းပိတ်ဆို့ ခဲ့ပါတယ်။