ငါးသိုင်းချောင်းမြို့ စက်လှေဆိပ်ကိုဆင်းတော့ စက်လှေထဲက အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးက ကျနော့်ကို “ဟေ့ကောင် မင်းပုံစံကြီးကလဲကွာ” လို့ လှမ်းပြောပါတယ်။
ကျနော့်ဘေးဘီကို လှည့်ကြည့်တော့ မည်သူတဦးတယောက်မှ မရှိပါဘူး။ စက်လှေဆိပ်တခုလုံး ကျနော်တို့နှစ်ယောက်ပဲ ရှိပါတယ်။ အနားကအိမ်သူက “အသိတွေလား” လို့မေးတော့ “မသိဘူးလေ” လို့ပဲ ပြန်ဖြေလိုက်တယ်။ တကယ်လည်း သိမှမသိတာ။ သူ တယောက်ယောက်နဲ့ လူမှားတာ ဖြစ်မှာပါ။
စကားလှမ်းပြောတဲ့သူအနား ရောက်အောင်သွားလိုက်တယ်။ သူက စက်လှေထဲမှာ ဆေးလိပ်ဖွာနေပါတယ်။ “ရင်းရှည်ရောက်မှာလား” လို့မေးတော့ “ရောက်ပါတယ်” တခွန်းပဲ ပြန်ပြောပါတယ်။ သူ့အနားရောက်တော့ သူ ကျနော့်ကို တယောက်ယောက်နဲ့ လူမှားသွားတဲ့ ပုံစံမျိုးပါ။ သူ့ဘက်ကတော့ ဘာမှထပ်မပြောပါဘူး။ သူ မျက်နှာပူနေရမှာကို မလိုလားတဲ့အတွက် ကျနော်ကပဲ သူ့ကို ရင်းရင်းနှီးနှီး မေးခွန်းတွေ ဆက်တိုက် မေးနေလိုက်ပါတယ်။
“ဘယ်အချိန်လောက် ထွက်မလဲဗျ၊ ထွက်ဖို့အချိန် ကြာဦးမှာလား” “ကြာဦးမယ် ဝယ်စရာရှိရင် တက်ဝယ်လို့ အချိန်ရသေးတယ်” သူနဲ့ အပြန်အလှန် စကားတွေ ပြောနေလိုက်ပါတယ်။
ကျနော့်အတွက်တော့ ငဝန်မြစ်ထဲ ပထမဆုံး ရေလမ်းခရီးသွားခြင်းပါ။ ကိုယ်နဲ့ မျက်နှာစိမ်းတဲ့ အရပ်ဒေသတခုလို့လည်း ပြောလို့ရပါတယ်။ စာထဲဖတ်ဖူးသလောက်တော့ စာတွေ့အရ မစိမ်းလှပါဘူး။ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းရဲ့ ဇာတိဖြစ်တဲ့အကြောင်း ကြိုသိထားလို့ပါ။
“မအအောင် သမိုင်းသင်ရတယ်” ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားတခွန်းကို အွန်လိုင်းစာမျက်နှာပေါ်မှာ တယောက်ယောက်က ရေးတင်လိုက်တာနဲ့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကို ချက်ချင်းဆိုသလို ပြေးပြီးမြင်မိပါတယ်။ အဲဒီလို ပြေးမြင်မိတဲ့ အချိန်တိုင်း သူ့ဇာတိဖြစ်တဲ့ ငါးသိုင်းချောင်းမြို့အနီးက ရွာလေးတရွာကို တဆက်တစပ်တည်း ပေါ်လာပါတယ်။ သူ့ဇာတိရွာလေးက ငဝန်မြစ်ဘေး မေးတင်ထားတဲ့အကြောင်းပါ မြင်ယောင်လာမိတာမျိုးပါ။
လူမှားတဲ့အရာကို ရောက်လေရာ အရပ်တခုခုမှာ တယောက်ယောက်နဲ့ တူလို့ဆိုပြီး လိုလေသေးမရှိ အကူအညီပေးတာမျိုးလည်း ကြုံဖူးပါတယ်။ “ခင်ဗျားက ကျနော် သိဖူးတဲ့ လူတယောက်ယောက်နဲ့ တူနေသလိုပဲဗျ” သူတို့ မြင်ဖူးတဲ့ အစဖော်မရတဲ့ လူတယောက်ယောက်နဲ့ တူလို့ဆိုပြီး မကြာခဏ ကြုံရပါတယ်။
အခုတော့ စက်လှေပေါ်က လူတယောက်ကလည်း ကျနော့်ကို သူတွေ့ဖူးတဲ့ တယောက်ယောက်နဲ့ လူမှားတာမျိုး ဖြစ်နိုင်ပါတယ်။
စက်လှေပေါ်မှာ ဘယ်အချိန်တည်းက ရောက်နေကြသလဲမသိတဲ့ လူငယ်လေးတွေက တုံးလုံးပက်လက် အနေအထားနဲ့ ဖုန်းတွေကြည့်နေကြပါတယ်။ ကုန်ပစ္စည်းအတော်များများ စက်လှေပေါ် အစီအရီတင်ထားတာကို ကြည့်ခြင်းအားဖြင့် မကြာခင်မှာ စက်လှေထွက်တော့မယ် ဆိုတာကို ပြောနေသလိုပါပဲ။
စက်လှေခေါင်မိုးပေါ် နာမည်တွေ ချိတ်ဆွဲထားကြပါတယ်။ တချို့စက်လှေတွေက နာမည်မပါကြပါဘူး။ စက်လှေတွေရှိတဲ့နေရာနဲ့ ကမ်းနဖူးနေရာကြားမှာ သဲခုံ ခြားထားပါတယ်။ သဲခုံတွေကနေ ငါးသိုင်းချောင်းမြို့ဈေးကို အတက်အဆင်းလုပ်လို့ရတဲ့လမ်း ရှိပါတယ်။
အဲဒီ အတက် အဆင်းလမ်းကနေ စက်လှေထဲက အထုပ်အပိုးတွေကို ထမ်းတင်ကြတာရှိသလို ဈေးကနေ အထုပ်အပိုးတွေ ထမ်းလာပြီး စက်လှေထဲ လာပို့ကြသူတွေလည်း ရှိပါတယ်။
စက်လှေက စပြီး လှုပ်ရှားလာပါတယ်။ စက်လှေထွက်တော့မလားဆိုတော့ မဟုတ်သေးပါဘူး။ ကုန်ပစ္စည်းတွေ အတင်များပြီး ကုန်းပေါ်တင်နေမှာစိုးတဲ့အတွက် ရေနက်တဲ့ဘက်ကို ဆွဲချနေတာပါလို့ သိရပါတယ်။ စက်လှေအမြီးပိုင်း (ပဲ့ထိန်းပိုင်း) က ဘေးတဖက်ကို စောင်းသွားလိုက်၊ ခဏကြာတော့ ကျန်ဘေးတဖက်ကို ပြန်ယိမ်းသွားလိုက်နဲ့ လှုပ်ရှားနေတာပါ။
စက်လှေဦးပိုင်းကတော့ တင်နေတဲ့နေရာကနေ ရွေ့သွားတာ မတွေ့ရပါဘူး။ အသက်ကြီးကြီး စက်လှေဆရာကြီးရဲ့ တပည့်သားမြေးဖြစ်ပုံရတဲ့ လူငယ်တဦးက ရေငုပ်လိုက်၊ ပြန်ပေါ်လာလိုက်နဲ့ စက်လှေကို မြစ်လယ်ဘက်အပိုင်း ရေနက်တဲ့ဆီကို ရောက်အောင် ကြိုးစားနေတာပါ။ ခဏအကြာမှာတော့ စက်လှေက ရေနက်ပိုင်းကို လျှောကျသွားပါတယ်။
စက်လှေကုန်းတင်ရင် အခုလိုပဲ ပင်ပင်ပန်းပန်း လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ မြစ်ရေကျချိန် နွေရာသီနဲ့ ဆောင်းရာသီတွေမှာ မြစ်ရေနည်းချိန်ဖြစ်လို့ အခုလို အခြေအနေမျိုးက မကြာခဏ ဖြစ်တတ်ပါတယ်။
ငါးသိုင်းချောင်းမြို့ကနေ ရင်းရှည်ရွာကို ကုန်းလမ်းခရီးကနေ ဆိုင်ကယ်နဲ့သွားရင် မိနစ်ပိုင်းအတွင်းမှာပဲ ရောက်ပါတယ်။ အခုလို ရေလမ်းခရီးကနေ အများသုံးစက်လှေစီးပြီး သွားရတဲ့ အကြောင်းရင်းတခုက စက်သုံးဆီ၊ လောင်စာဆီ ကပ်ဆိုက်နေချိန် ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့နောက်ပိုင်း စီမံခန့်ခွဲမှု အမှားတွေကြောင့် စက်သုံးဆီ၊ လောင်စာဆီ ပြတ်လပ်တဲ့ အခြေအနေတွေက တရစ်ပြီးတရစ် အခြေအနေ ပိုပြီးဆိုးလာတာကိုပဲ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ လိုသလောက် စက်သုံးဆီ ဝယ်ယူလို့မရတာက သာမန် ခရီးသွားလာဖို့အတွက်ပါ ထိခိုက်လာတာ ဖြစ်ပါတယ်။
ကုန်းလမ်းခရီးအတွက် အဆင့်ဆင့်သောဂိတ်တွေကို ကျော်ဖြတ်ရတာ၊ ဂိတ်တွေတိုင်းမှာ မီတာ ၂၀၀ လောက် ဆိုင်ကယ်ဆင်းတွန်းရတာ၊ စစ်ဆေးမေးမြန်းခြင်း ခံရတာတွေအပြင် စက်တပ်ယာဉ်တွေအတွက် အဓိက အားထားရတဲ့ စက်သုံးဆီ ဝယ်ယူလို့ မရခြင်းက အခြေခံကျတဲ့ လူမှုဘဝတွေကို ထိခိုက်လာတာ ဖြစ်ပါတယ်။
ခရီးသွားလာရေးအတွက် အများသုံး စက်တပ်ယာဉ်တွေကို အားကိုးလာကြပေမဲ့ စက်သုံးဆီ ဝယ်လို့မရတာက အများသုံးယာဉ်တွေ မောင်းနှင်လည်ပတ်ဖို့အတွက် မရေမရာတဲ့ အခြေအနေတွေကို တွန်းပို့နေပါတယ်။
ငဝန်မြစ်ထဲက စက်လှေတွေဟာလည်း စက်သုံးဆီကို လိုသလောက် ဝယ်ယူလို့မရတဲ့အတွက် စက်လှေပြေးဆွဲနေသူတွေကို အကျပ်ရိုက်စေခဲ့ပါတယ်။
စက်လှေပေါ်မှာ စက်ဘီးတာယာ၊ စက်ဘီးလေလုံး၊ လေထိုးတံ စတဲ့ စက်ဘီးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ဝယ်ယူတင်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။ စက်သုံးဆီပြတ်လို့ ဆိုင်ကယ်၊ စက်လှေစီးပြီး သွားလာလို့မရတဲ့ အခြေအနေမျိုး ဆိုက်ရောက်လာရင် စက်ဘီးနဲ့ အရေးပေါ် သွားလာလို့ရအောင် ပြင်ဆင်ထားကြတာပဲလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
စက်လှေဟာ ငါးသိုင်းချောင်းမြို့ကနေ စတင်ထွက်ခွာလာပါတယ်။ ရေကျချိန်ဖြစ်တဲ့အတွက် စက်လှေဟာ တအိအိနဲ့ပဲ သွားနေတာပါ။ စက်သံကတော့ ငဝန်မြစ်ထဲ ဆူညံ ခုတ်မောင်းနေပါတယ်။
စက်လှေပေါ်က ထိုင်လိုက်ရင်းနဲ့ တွေးမိလိုက်တာ စက်သံသာ ကျယ်သထက် ကျယ်လာတာ၊ သွားနှုန်းကတော့ နှေးနေပါလားပေါ့။ စက်သံကျယ်သလောက် သွားနှုန်းမြန်ရင် မြန်မြန်ခရီးရောက်မယ်။ ဆီကုန်လည်း သက်သာမယ်ပေါ့။ စက်လှေကတော့ မနှေးမမြန် ပုံမှန်လေးပဲ သွားနေပါတယ်။
အခုရထားတဲ့ စက်သုံးဆီဟာလည်း စက်လှေသမားတွေအတွက် ခွဲတမ်းရထားတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီဆီသာကုန်ရင် ဘာနဲ့မောင်းရမလဲ ဆိုတာလည်း မသေချာဘူးလို့ ဆိုပြန်ပါတယ်။ စက်သုံးဆီဝယ်လို့မရတဲ့ အခြေအနေက ဒီတကြိမ်ဆို ဘယ်နှကြိမ်မြောက် ရှိပြီလဲဆိုတာ စက်လှေဆရာကြီးကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။
ရေလမ်းခရီးမှာတော့ အခုလို စက်သုံးဆီကို ချွေတာမောင်းနှင် သွားလာနေကြရသလို ကုန်းလမ်းခရီးမှာတော့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆိုင်ကယ်တွေ၊ ကားတွေက တန်းစီထိုးပြီး ဝိုင်းအုံလို့နေပါတယ်။ အချိန်ပေးတန်းစီ စောင့်ဆိုင်းနေကြပေမဲ့ လက်ကျန်မရှိတော့ဘူးလို့ ဆီဆိုင်အရောင်းဝန်ထမ်းတွေက ပြောလိုက်တာနဲ့ ဆီမဖြည့်ရဘဲ ပြန်လှည့်သွားကြရတာလည်း များပါတယ်။
စက်လှေပိုင်ရှင် ပုဂ္ဂိုလ်ကတော့ ထမင်းစားဖို့ပြင်ပါတယ်။ ဘေးကခရီးသည်တွေကိုလည်း ထမင်းစားဖို့ ဖိတ်ခေါ်ပါတယ်။ ခရီးသည်အများစုက မျက်လုံးမှိတ်ထားကြပြီး ဆူညံနေတဲ့ စက်သံကို အံတုပြီး အိပ်ပျော်အောင် ကြိုးစားနေကြပါတယ်။ သူတို့သွားရမယ့် ခရီးအကွာအဝေးက ဘယ်လောက်ဝေးဝေး သွားကြရမလဲဆိုတာ သူတို့ပုံစံကိုကြည့်ရင် သိနိုင်မှာပါ။
စက်လှေမောင်းနေတဲ့ လူငယ်လေးက စက်လီဗာကြိုးကို ဆွဲတင်းလိုက်ပါတယ်။ စက်သံလည်း မြင့်လာပါတယ်။ ထမင်းစားနေတဲ့ စက်လှေပိုင်ရှင်က ဆတ်ကနဲဆိုသလို ခေါင်းထောင်ပြီး လှမ်းကြည့်လိုက်ပါတယ်။ လူငယ်လေးကို လှမ်းပြောပါတယ်။ “ပုံမှန်ပဲမောင်းပါ” လူငယ်ဟာ စက်လီဗာကြိုးကို ပြန်လျှော့လိုက်ပါတယ်။ စက်သံလည်း နည်းနည်း လျော့သွားပါတယ်။
လူငယ်ဖြစ်သူက ခရီးမြန်မြန်ရောက်ဖို့ စက်လှေအရှိန်မြန်ဖို့ စက်သံမြင့်လိုက်တာ၊ တဖက်က စက်လှေပိုင်ရှင်က စက်သံမြင့်လေ ဆီကုန်မြန်လေ ဆိုတာကို သဘာအရ၊ ဝါအရ သိထားသူပီပီ စက်သံကို ပြန်လျှော့ဖို့ ပြောနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
ငဝန်မြစ်ကြီးကတော့ အကွေ့အကောက်ပေါင်းများစွာ ရှိနေတာပါ။ စက်လှေမောင်းသူဟာ ဘယ်နေရာ ရေတိမ်သလဲ၊ ဘယ်နေရာ ရေနက်သလဲ ဆိုတာကို ချိန်ဆမောင်းနှင်နေရတာ ဖြစ်ပါတယ်။ သူ့အယူအဆ လွဲသွားတာနဲ့ စက်လှေ သောင်ပေါ်တင်ပြီး ခရီးကြန့်ကြာသွားနိုင်ပါတယ်။
မကြာခင် ဆင်းရတော့မယ့် ဆိပ်ကမ်းကို ရောက်တော့မှာဖြစ်လို့ စက်လှေပိုင်ရှင်က ကျနော်တို့ကို အသိပေးလာပါတယ်။ စက်လှေဦးမှာ သုံးယောက် အပြိုင်ရပ်နေကြရင်း “ဒီဇယ်တွေဝယ်ရတာ လွယ်လားဗျ” ကျနော့်အမေးကို သူက “ဒီဇယ်ရော၊ ဓာတ်ဆီရော ဝယ်လို့မရဘူး။ အခုမောင်းနေတဲ့ စက်လှေတောင် အရင်ရက်က ခွဲတမ်းနဲ့ ဝယ်လို့ ရထားတဲ့ ဆီနဲ့ မောင်းနေရတာ။ စက်လှေသမားတွေကိုပဲ ခွဲတမ်းနဲ့ ရောင်းပေးနေတာ။ တခြားသူတွေကို မရောင်းပေးဘူး။ စက်လှေအကြီးကို နားထားရတယ်။ အခုက ရတဲ့ဆီနဲ့ ဒီစက်လှေအသေးကို မောင်းနေရတာပါ။ ဆီမရရင်တော့ ရပ်ထားရမှာပဲ။”
သူ့ကို ရွာက ဈေးမှာလိုက်တဲ့ လောင်စာဆီပုံး အခွံတွေကို ကိုင်မြှောက်ပြပါတယ်။ “ဒီမှာကြည့် ဒီနေ့ ရွာက ဓာတ်ဆီဝယ်ဖို့ မှာလိုက်တာ၊ တစက်မှ ဝယ်လို့မရခဲ့ဘူး။ သူတို့ကို ပုံးအခွံနဲ့ ပိုက်ဆံနဲ့ပဲ ပြန်ပေးရမှာ။”
ကျနော်တို့ဆင်းရမယ့် ဆိပ်ကမ်းမှာ သူက ဂရုတစိုက် စက်လှေကို ဆိုက်ကပ်ပေးပါတယ်။ “ဖြည်းဖြည်းဆင်းကြနော်” လို့ ပြောပါတယ်။ “သွားပြီနော် ဂရုစိုက်ပါဦးဗျ” လို့ တယောက်နဲ့တယောက် အပြန်အလှန် နှုတ်ဆက်ကြပါတယ်။ စက်လှေကတော့ သူ့လိုရာခရီးကို ဆက်ပြီး ခရီးဆက်ရဦးမှာမို့ ဆိပ်ကမ်းကခွာပြီး စက်သံပြင်းပြင်းနဲ့ ခုတ်မောင်းထွက်ခွာ သွားပါတော့တယ်။
တာပလု