ဩဂုတ်လ ၁၂ ရက်မှာ ကရင်လက်ချည်ပွဲ (သို့မဟုတ်) ချည်ဖြူဖွဲ့မင်္ဂလာကို ထိုင်းနိုင်ငံရဲ့ နေရာအတော်များများမှာ ပြုလုပ်ကြပါတယ်။
ဒီမတိုင်ခင်ရက်တွေကလည်း တချို့နေရာတွေမှာ ကျင်းပကြတာပါ။ မြန်မာလဖြစ်တဲ့ ဝါခေါင်လဟာ ကရင်လူမျိုးတွေရဲ့ ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပပြုလုပ်တဲ့လ ဖြစ်ပါတယ်။ လက်ချည်ပွဲလို့လည်း ခေါ်ကြတယ်။
ကျနော်ငယ်ငယ်က အခုလို လက်ချည်ပွဲကို တခမ်းတနားလုပ်တာတော့ မကြားဖူးခဲ့ပါဘူး။ သတင်းစီးဆင်းမှုနည်းတဲ့ အရပ်ဒေသမှာ လူလာဖြစ်လို့ ဒီအကြောင်းတွေ မသိခဲ့တာလည်း ဖြစ်မှာပါ။
အမေကတော့ ကျနော်တို့ညီအစ်ကိုတွေကို မကြာခဏဆိုသလို လိပ်ပြာခေါ်ပေးပါတယ်။ ဘီးလုံးကြိုးအဖြူ၊ ထမင်းဆုပ်နဲ့ ဘဲဥပြုတ်ကို ကိုင်ခိုင်းထားပြီး လိပ်ပြာခေါ်ပေးတာပါ။ အမေကတော့ လိပ်ပြာခေါ်ပေးတာလို့ပဲ ပြောပြပါတယ်။
ကရင်လူမျိုးတွေမှာပဲ အခုလိုမျိုး ကလေးတွေကို လိပ်ပြာခေါ်ပေးကြသလားတော့ မပြောတတ်ပါ။ မိတ်ဆွေအပေါင်းအသင်းတွေက ကျနော့်ကို တခါတခါ မေးတတ်ပါတယ်။
“ခင်ဗျားက နတ်စားကရင်လား” တဲ့။ “ဟုတ်တယ် ကျနော်က နတ်စားကရင်ပါ၊ ကျနော်တို့အိမ်မှာ ဝက်နှစ်ကောင်၊ ကြက်နှစ်ကောင်နဲ့ တနှစ်ကို တကြိမ်လောက်ကို နတ်စားတာ” လို့ ပြန်ဖြေခဲ့ပါတယ်။
ကျနော်တို့ညီအစ်ကိုတွေ ဖျားတာ ရက်ရှည်လာတာ၊ နေမကောင်းတာ ရက်ကြာလာတာမျိုး ဆိုရင် အမေက ကျနော်တို့ကို လိပ်ပြာလွင့်တယ်လို့ပဲ သတ်မှတ်ပါတယ်။
လိပ်ပြာလွင့်ရင် လိပ်ပြာခေါ်ဖို့အတွက် သူ ပြင်ဆင်ပါတော့တယ်။ ဘဲဥကို လိုက်ရှာဝယ်ပါတယ်။ ထမင်းချက်ရင် ထမင်းရေ ငှဲ့ပြီးတာနဲ့ ဘဲဥတွေကို ထမင်းပူထဲ ထည့်လိုက်တယ်။ ညီအစ်ကို နှစ်ယောက်စာအတွက် ဘဲဥနှစ်လုံးပေါ့။
ထမင်းလည်းနပ်၊ ဘဲဥလည်းကျက်။ ထမင်းဆုပ် သုံးဆုပ်၊ ဘဲဥတလုံး ပန်းကန်လုံးထဲထည့်ပြီး ရေတခွက်နဲ့ လှေခါးအဝမှာ ကျနော်တို့ညီအစ်ကိုတွေကို တယောက်တလှည့်စီ လိပ်ပြာခေါ်ပေးပါတော့တယ်။
လက်ထဲမှာ ထမင်းဆုပ်တဆုပ်နဲ့ ဘဲဥပြုတ်ကို ကိုင်ထားရပါတယ်။ အမေက ဘီးလုံးကြိုးကို လက်ကောက်ဝတ်မှာ သုံးပတ် ပတ်လို့ရနိုင်မယ့် အရှည်ကို ဖြတ်ထားပါတယ်။
ကျနော့်ရဲ့ ညာဘက်လက်ထဲ ထမင်းဆုပ်နဲ့ ကြက်ဥပြုတ်ကို ကိုင်ခိုင်းပြီး အမေက အဲဒီ ဘီးလုံးကြိုးကို ကိုင်ပြီး လိပ်ပြာစခေါ်ပါတယ်။
ဘီးလုံးကြိုးအဖြူကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ပြီး ကျနော့်လက်ကောက်ဝတ် အေရပြားပေါ် ပွတ်တိုက်နေရင်း ပါစပ်ကလည်း လိပ်ပြာခေါ်ရင် သူရွတ်နေကြ စကားလုံးကို ရေရွတ်နေပါတော့တယ်။
အမေက စကားပြောရင်သာ တအေးတဆေး ပြောတတ်တာ။ ကျနော်တို့ကို လိပ်ပြာခေါ်ရင်တော့ အသံအကျယ်ကြီးပဲ။ သားသည်အမေတွေက သားသမီးဇောနဲ့ အခုလိုပဲ နေမှာပါလို့ ထင်ပါတယ်။
“ပလူးလား၊ ပလူးလား ဖိုးခွားအလား၊ ကိုင်ထိုင်း ကိုင်ထိုင်။ ကိုင်ထိုင်လေ့ မို့အသို့၊ ကိုင်ထိုင်လေ့ ဖအသို့၊ ကိုင်ထိုင်းနှင့် ကွန်ပေါင်၊ ကိုင်ထိုင်နှင့် ထောင်ပေါင်၊ ကိုင်ထိုင်းနှင့် စေးပေါင်”
“ပလူးလား၊ ပလူးလား အမေဆီပြန်လာ၊ အဖေဆီပြန်လာ။ ပြန်လာရင် ငွေထုပ်ထမ်းလာခဲ့၊ ကြေးထုပ်ထမ်းလာခဲ့၊ ရွှေထုပ်ထမ်းလာခဲ့” လို့ ရွတ်ဆိုနေပါတယ်။ သူရွတ်လို့ပြီးတာနဲ့ ကျနော့်လက်ကောက်ဝတ်ပေါ် ကြိုးသုံးပတ်ပတ်ပြီး ချည်နှောင်ပေးပါတယ်။
နောက်ထပ် ဘယ်ဘက်လက်ကိုလည်း အရှေ့ကအတိုင်းပဲ ရေရွတ် ချည်နှောင်ပေးပါတယ်။ ချည်နှောင်တဲ့ချည်စ အစွန်းထွက်နေတာကို အမေက ပါးစပ်နဲ့ ကိုက်ဖြတ်ပါတယ်။ ထမင်းဆုပ်ထဲက ထမင်းနည်းနည်း၊ ဘဲဥပြုတ်အကာ နည်းနည်းယူပြီး ကိုက်ဖြတ်ထားတဲ့ ချည်စနဲ့ လုံးထွေးပြီး ကျနော့်ခေါင်းပေါ် တင်လိုက်ပါတယ်။
ပါးစပ်ကလည်း နောက်ဆုံးစကားတခွန်းကို ရေရွတ်လိုက်သေးတယ်။ “ပလူးလား ခူပွားရမ်းလူ” တဲ့။ ဒီအဓိပ္ပာယ်ကိုတော့ ဝေဝါးနေပါပြီ။ လိပ်ပြာခေါ်ခြင်းအမှု ပြီးဆုံးသွားပါတယ်။
ကျနော်တို့က မကြာခဏ လိပ်ပြာခေါ်တာကို သဘောကျပါတယ်။ ဘဲဥပြုတ်စားရတာကို ပိုပြီးကြိုက်တာပါ။ အိမ်မှာ ဝါးမျှစ်တွေကို မိုးရာသီ တရာသီလုံး ထားစားတယ်။ မနက် ထမင်းကြမ်းစားလည်း ဝါးမျှစ်၊ နေ့လယ်စာစားလည်း ဝါးမျှစ်၊ ညစာအတွက်လည်း ဝါးမျှစ်ပါပဲ။
တနေ့တရက်တည်း စားရတာ မဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် စားရတာပါ။ မိုးရာသီကာလမှာ တခါတလေ ၃ လဆက်တိုက် စားရတယ်။ တခါတလေ မိုးရာသီသာ ကုန်သွားတယ် ထားစားတဲ့ ဝါးမျှစ်တွေက မကုန်သေးပါဘူး။
ကျနော့်ညီတွေကတော့ ဒီလိုအချိန်တွေဆို ဉာဏ်ဆင်ကြပါတော့တယ်။ ဘဲဥစားချင်လာတဲ့ အခါဆို ဒါမျိုး ဉာဏ်ဆင်ကြတာပါ။ “အမေ ကျနော် လိပ်ပြာလွင့်နေပြီ လိပ်ပြာခေါ်ပေးဦး” လို့ ပြောတတ်တယ်။ ဒီလိုပြောတဲ့အခါမျိုးမှာလည်း အမေက လိပ်ပြာခေါ်ပေးပါတယ်။
လက်တွေ့တော့ ပြရပါသေးတယ်။ လိပ်ပြာလွင့်တယ်လို့ ပြောတဲ့လူက ခန္ခာကို ပိန်နေသလား ဆိုတာနဲ့ အမေက ကြည့်တတ်ပါတယ်။ နှစ်ရက် သုံးရက်လောက် ထမင်းလျှော့စားပြီး အမေ့ရှေ့မှာ ကျနော်ပိန်နေပြီ လိပ်ပြာခေါ်ပေးပါဆို အမေက ခန္ဓာကိုကြည့်ပြီး မဆိုင်းမတွဘဲ လိပ်ပြာခေါ်ပေးပါတော့တယ်။
အသက်အရွယ်ရလာတော့ ကရင်လက်ချည်ပွဲ (သို့မဟုတ်) ချည်ဖြူဖွဲ့မင်္ဂလာကို တခမ်းတနား ကျင်းပကြတာကို တွေ့လာရပါတယ်။ ဒီပွဲကို ဒီနေ့ ဒီအချိန်အထိ တက်ရောက်ဖို့အတွက် အခွင့်မသာခဲ့ပါဘူး။
ကရင်လက်ချည်ပွဲ (သို့မဟုတ်) ချည်ဖြူဖွဲ့မင်္ဂလာကို ပြုလုပ်ကျင်းပကြတဲ့ ရုပ်သံတွေ၊ ဓာတ်ပုံမှတ်တမ်းတွေကို ကြည့်ပြီး အမေ့ကို လွမ်းရတာပါပဲ။
ဒီထက်ပိုပြီး လွမ်းရတာက အမေရဲ့ လိပ်ပြာခေါ်တဲ့စာပိုဒ်ထဲမှာ အဖေ၊ အမေတွေဆီ ပြန်လာခဲ့၊ ကြေးထုပ်ကြီးထမ်းခဲ့၊ ငွေထုပ်ကြီးထမ်းခဲ့၊ ရွှေထုပ်ကြီးထမ်းခဲ့ ဆိုတာ ဘယ်လိုအဓိပ္ပာယ်မျိုးနဲ့ သူရေရွတ်ခဲ့သလဲတော့ မပြောတတ်ပါ။
ဒီနေ့ ဒီအချိန်အထိတော့ ကြေးထုပ်တွေ၊ ငွေထုပ်တွေ၊ ရွှေထုပ်တွေထမ်းပြီး အမေ၊ အဖေအနား ပြန်ရောက်ဖို့ မလွယ်သလို ဘာမှမပါဘဲ တကိုယ်စာ အိမ်ပြန်ရောက်ဖို့အတွက် တွေးမိတိုင်း မသေချာခြင်းတွေနဲ့သာ အဆုံးသတ်လိုက်ရပါတယ်။
တရုတ်-တိဘက်ဒေသကနေ ကရင်လူမျိုးတို့ ရေကြည်ရာမြက်နုရာ ထွက်ခွာခဲ့ရာမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး လူမျိုးအချင်းချင်း မှတ်မိအောင် ချည်ဖြူဖွဲ့ပြီး အမှတ်အသား ပြုလုပ်ခဲ့တာလို့ ကရင့်သမိုင်းတွေမှာလည်း ဖော်ပြကြတယ်လို့ လက်ချည်ပွဲပြုလုပ်တဲ့ အခမ်းအနားတွေမှာ မိန့်ခွန်းပြောကြတဲ့ ပုဂ္ဂိုလ်တွေက ပြောကြပါတယ်။
ရောဂါဘေး၊ ကပ်ဘေးဆိုးတွေနဲ့ အန္တရာယ်တခုခု ကြုံရချိန်တွေမှာ ဘေးကင်းအောင် ချည်ဖြူဖွဲ့ပြီး ဆုတောင်းပေးတာမျိုးလည်း ရိုးရာအရ ပြုလုပ်ကြတာရှိပါတယ်။
ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ ရေ၊ ကြံပိုင်း၊ ယောက်မ၊ ဆန်ကောတွေ လိုအပ်ပါတယ်။
လက်ကောက်ဝတ်မှာ ပတ်ချည်ထားတဲ့ မင်္ဂလာချည်ဖြူမှာ အသက်ဝိညာဉ်ဟာ တည်ရှိနေတဲ့ အယူအဆဖြစ်ကာ မကောင်းဆိုးဝါးတွေရဲ့ ဝိညာဉ်တွေ လာရောက်ပူးကပ်တဲ့အခါ မိမိရဲ့ဝိညာဉ်ဟာ လွင့်စင်မသွားဘဲ အတူရှိနေဖို့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
ဒီလက်ချည်ပွဲမှာတော့ လူကြီးသူမ၊ လူငယ်၊ လူရွယ်အချင်းချင်း လက်ချည်ပြုလုပ်ပေးကြပြီး လက်ချည်နေစဉ် ဆုတောင်းပေးကြပါတယ်။