Home
မြန်မာသတင်း
တွန်းဇံမြို့ပေါ်က ZRA နှင့် ဆက်နွှယ်သည့် အိမ် ၁၈ လုံးကို CDF-တွန်းဇံချိပ်ပိတ်
DVB
·
August 20, 2024

ချင်းပြည်နယ် တွန်းဇံမြို့ပေါ်က ZRA (ဇိုမီးတော်လှန်ရေးတပ်) တပ်ဖွဲ့ဝင်တွေနဲ့ ဆက်နွှယ်နေတဲ့ နေအိမ် ၁၈ လုံးကို ချိပ်ပိတ်ခဲ့တယ်လို့ CDF တွန်းဇံက ဩဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တွန်းဇံမြို့ပေါ် ခေါဝုန်လေးဆန်ရပ်ကွက်နဲ့ ခေါလိုင်ရပ်ကွက်ရှိ ZRA တပ်မှူး၊ ဒုတပ်မှူး၊ တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ကို အမာခံ ထောက်ပံ့ပေးနေသူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။

“တွန်းဇံမြို့နယ် ကောင်စီဖွဲ့စည်းပြီး တွန်းဇံမှာ အုပ်ချုပ်ရေးလည်း ဖော်ဆောင်နေပြီ၊ ကျနော်တို့ အုပ်ချုပ်ရေး ကောင်းကောင်းလည်ပတ်နိုင်ဖို့နဲ့ မြို့ရဲ့လုံခြုံရေးအတွက် ZRA ထောက်ပံ့သူနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်ကို ချိပ်ပိတ်ထားခြင်းဖြစ်တယ်၊ ချိပ်မပိတ်ထားဘဲ သူတို့ကတွန်းဇံမြို့မှာ ပြန်နေပြီး လှုပ်ရှားကြမယ်ဆိုရင် မြို့ခံတွေရဲ့ လုံခြုံရေးကို စိုးရိမ်ရလို့ပါ” လို့ CDF-တွန်းဇံ တာဝန်ရှိသူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ ZRA က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး CDF တွန်းဇံရဲ့စခန်း ၂ ခုအပါအဝင် ဌာနချုပ်ကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ရာ CDF-တွန်းဇံ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၄ ခု မေ ၂၀ ရက်မှာ တွန်းဇန်မြို့ပေါ်က စစ်ကောင်စီတပ်အထိုင်စခန်းအားလုံးကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ CDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။

ZRA အဖွဲ့ဟာ ၁၉၉၃ ခုနှစ်က အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ZPCC/ ZRA အဖြစ် မြန်မာပြည်ခွဲထွက်အနေနဲ့ ဖွဲ့စည်းခဲ့ပြီး ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံ၊ တီးတိန်၊ ကျီခါး စတဲ့မြို့တွေမှာ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013