ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ အိမ်တွေမှာ ခွေးမမွေးကြဖို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF-Hakha) က ဇူလိုင် ၃၀ ရက်မှာ အသိပေးထား ပါတယ်။
CDF-Hakha ရဲ့ တာ၀န်ရှိသူတဦးက “တော်လှန်ရေးအောင်မြင်ဖို့ကနီးနေပြီ။ စစ်ရေးကလည်း အရှိန်ကောင်းနေပြီ။ ပြဿနာက ညပိုင်းမှာ ခွေးတွေဟောင်တာက အတော်ဆိုးတယ်။ တော်လှန်ရေး ရဲဘော်တွေအနေနဲ့ ညပိုင်းတွေမှာ စစ်ရေးကိစ္စတွေအပါအ၀င် ပြည်သူ့လုံခြုံရေး ကိစ္စတွေ ဆောင်ရွက်ကြတဲ့အခါ ခွေးတွေဟောင်တော့ စစ်သားတွေဘက်ကို သတိပေးသလို ဖြစ်နေတယ်။ တော်လှန်ရေးကြီးပြီးလို့ ပုံမှန်အခြေအနေပြန်ဖြစ်သွားရင်တော့ မပြောလိုပါဘူး။ ပြန်မွေးကြပါ” လို့ ပြောပြပါတယ်။
အခုသတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း ဟားခါးမြို့ပေါ်မှာ အိမ်အပြင်နဲ့ လမ်းမပေါ်ရောက်တဲ့ ခွေးတွေကို ဘယ်သူမဆို သတ်ဖြတ်နိုင်ပြီး ခွေးပိုင်ရှင်တွေကိုပါ အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဟားခါးမြို့ခံ ခွေးပိုင်ရှင်တဦးက “စစ်ရေးကိစ္စတွေနဲ့ ပတ်သက်လာတော့လည်း ပြောရခက်တယ်။ ခွေးအလုပ်ကတော့ ဟောင်မှာပဲလေ။ ကိုယ့်ခွေးကို ဘယ်ပိုင်ရှင်က သတ်ချင်စွန့်ချင်မလဲ။ ဒါပေမဲ့လည်း တော်လှန်ရေးကြီး အမြန်ဆုံးပြီးဖို့တော့ ပြည်သူတွေအနေနဲ့ စောဒကမတက်ဘဲ ပူးပေါင်းပါ၀င်သင့်ပါတယ်။ အိမ်က ခွေးကိုတော့ အဝေးတနေရာကို ခေါ်သွားပြီး စွန့်ပစ်ဖို့တော့စဥ်းစားထားတယ်”လို့ ပြောပြပါတယ်။
ဟားခါးမြို့ခံတွေအနေနဲ့ မိမိတို့မွေးမြူထားတဲ့ခွေးတွေကို ဩဂုတ် ၁ ရက်နောက်ဆုံးထားပြီး ရောင်းပစ်တာ၊ အဝေးတနေရာမှာ သွားရောက်စွန့်ပစ်တာနဲ့ သတ်ဖြတ်ပစ်တာတွေပြုလုပ်ကြဖို့ CDF-Hakha က သတိပေးထားတယ်လို့လည်း သိရပါတယ်။