ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်က ဖောက်ခွဲ ဖျက်ဆီးခံထားရတဲ့ ဆွတ်လန်းတံတား ဩဂုတ် ၁၉ ရက်ကစပြီး ပြန်လည် ဖြတ်သန်းလို့ရပြီလို့ ဒေသခံနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “မနေ့ ဩဂုတ်လ ၁၉ ရက်နေ့ကစ ဆွတ်လန်း ပန်ဆောက်တံတား ပေးဖြတ်ပါပြီ။ ဩဂုတ်လ ၁၈ ရက်နေ့က နောက်ထပ် ၅ ရက်ကြာမှ ဖြတ်လို့ရမယ်လို့ ပြောပေမဲ့ ကိုယ်တိုင် ဖြတ်လာလို့ရပါပြီ။ တံတားဖြတ်ခ ဘာညာ မပေးရပါဘူး။ စစ်ဆေးတာလည်း မရှိပါဘူး” လို့ ပြောပါတယ်။
ယာဉ်မောင်းတယောက်ကလည်း “ဖြတ်သန်းခွင့်ပေးပါပြီ။ သီပေါနဲ့ ၉ မိုင်လမ်းခွဲကြားက ဆွတ်လန်းတံတားပါ” လို့ ပြောပါတယ်။
တံတားမပြီးခင်တုန်းက ကားသေးလေးတွေက ထော်လာဂျီ လေးလုံးထိုးနဲ့ သယ်ပေးတာရှိပြီး တစီးကို ကျပ် ၂၀၀,၀၀၀ နဲ့ ၂၆၀,၀၀၀ ကြားပေးရတယ်လို့ သိရပါတယ်။
ဒေသခံ အမျိုးသမီးတဦးက “ဆွတ်လန်းနဲ့ ပန်ဆောက်ကြားက တံတားပါရှင့်။ သီပေါနဲ့ နမ့်လန်သွားတဲ့ လမ်းပေါ်မှာဆိုရင် ပိုမှန်ပါတယ်။ ကိုးကန့်တွေ ဆောက်ပေးတာပါရှင့်။ မစစ်ဆေးပါဘူး။ မြို့ဝင်ထွက်လည်း မတားပါဘူး” လို့ ရှင်းပြပါတယ်။
မိုင်းရယ်ကနေ သီပေါ လမ်းကြောတလျှောက်မှာလည်း စစ်ကောင်စီတပ်တွေ မရှိဝောာ့ဘူးလို့ သိရပါတယ်။
အဲဒီ ဆွတ်လန်းတံတားကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း စတင်တဲ့ရက် ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်က ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်း ကာလအတွင်း ဇွန် ၂၇ ရက်က လားရှိုး-မန်စံနဲ့ လားရှိုး-မန်ပွဲကို ဆက်သွယ်ထားတဲ့ တံတား ၂ စင်း၊ ဇွန် ၂၅ ရက်က မန်ပွဲရွာက တံတား၊ ဆွတ်လန်းတံတားနဲ့ မန်စံရေကျတံတား စတဲ့ တံတား ၅ စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတာပါ။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတုန်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ လားရှိုး-နမ္မတူကြားရှိ အီနိုင်းတံတားလည်း ပြုပြင်ပြီးသွားတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကစ ဖြတ်သန်းသွားလာလို့ ရပြီဖြစ်ပြီး လားရှိုး-သီပေါကြားက စဉ့်အင်တံတားကိုလည်း ပြုပြင်ဆောက်လုပ်နေပြီဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း ဖြတ်သန်းလို့ရတော့မယ်လို့ ဒေသခံတွေက ပြောပါတယ်။