မလေးရှားနိုင်ငံဆီကနေ စားအုန်းဆီတွေ တင်သွင်းနေတဲ့ ကုမ္ပဏီတွေဟာ အော်ရန်ဂူတန် လူဝံတွေကို မွေးစားနိုင်ပေမဲ့ မလေးရှားနိုင်ငံတွင်းထဲကနေ ခေါ်ထုတ်သွားနိုင်မှာ မဟုတ်ဘူးလို့ ကုန်စည်ဝန်ကြီးက ဩဂုတ် ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
အခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ထိန်းသိမ်းရေးအစီအစဉ်ကို ပြန်သုံးသပ် ပြင်ဆင်ထားတဲ့ မူကွဲတခုအတွင်း ခုလို ထည့်သွင်း သတ်မှတ်လိုက်တာပါ။
စားအုန်းဆီထုတ်လုပ်ဖို့ သစ်တောမြေတွေကို ရှင်းလင်းရာမှာ ပါသွားလေ့ရှိတဲ့ တိရစ္ဆာန်တွေရဲ့ စားကျက်မြေတွေအပေါ် သက်ရောက်မှုနဲ့ပတ်သက်လို့ စိုးရိမ်မှု လျော့ပါးစေဖို့ လက်ဆောင်ပစ္စည်းတွေအဖြစ် ပြည်ပကို လူဝံတွေပေးပို့ဖို့ မေလတုန်းက ဝန်ကြီးက စီစဉ်ခဲ့တာပါ။
အပြင်းအထန် အန္တရာယ်ရှိနေတဲ့ အော်ရန်ဂူတန် လူဝံတွေရဲ့ ကောင်းကျိုးအတွက် စိုးရိမ်တဲ့ ထိန်းသိမ်းရေးအဖွဲ့တွေက အဲဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ကြပါတယ်။
မလေးရှားစိုက်ပျိုးရေးနဲ့ ကုန်စည်စီးဆင်းမှု ဝန်ကြီး ဂျိုဟာရီ အဗ်ဒူလ် ဂါနီက “တိရစ္ဆာန်တွေက သူတို့ရဲ့ သဘာဝနေရပ်တွေကို မစွန့်နိုင်ဘူး။ ဒီသစ်တောတွေကို ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေး လက်တွဲ ဆောင်ရွက်ချင်တယ် ဆိုရင်တော့ ကျနော်တို့က ဆီအုန်းဝယ်တဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံသွားမယ်” လို့ ဘော်နီယိုကျွန်း မြောက်ပိုင်း၊ ဆာဘားမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိ ဆာဘားဒေသမှာ အော်ရန်ဂူတန် လူဝံဦးရေ ၁၅,၀၀၀ လောက်ရှိပြီး ဆာရာဝပ်မှာတော့ ကောင်ရေ ၂,၀၀၀ လောက် ရှိတယ်လို့ အဗ်ဒူဂါနီက ပြောပါတယ်။
မျောက်ဝံတွေနေထိုင်တဲ့ သစ်တောဧရိယာတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ ဘေးကင်းရေးနဲ့ အခြေအနေတွေကို စောင့်ကြည့်ဖို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ဖြန့်ဝေသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။
Source-Reuters