ဗီယက်နမ်သမ္မတသစ် တိုလမ်ဟာ သမ္မတတာဝန်ယူအပြီး ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် တရုတ်မြို့တော် ပေကျင်းကို ရောက်လာပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဩဂုတ် ၁၉ ရက်မှာ တွေ့ဆုံတယ်လို့ တရုတ်မီဒီယာ ဆင်ဟွာက ထုတ်ပြန်ပါတယ်။
တရုတ်နဲ့ ဗီယက်နမ် အပါအဝင် အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံတို့ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်က ဖိလစ်ပိုင်နဲ့ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်အပြီး တပတ်အကြာမှာ ခုလို တွေ့ဆုံကြတာပါ။
စွမ်းအင်ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်အတွင်း နယ်ခြားမျဉ်းကိစ္စနဲ့ ပတ်သက်ပြီး မကြာမကြာ ပဋိပက္ခ ဖြစ်နေပေမဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ကောင်းကောင်းဖွံ့ဖြိုးတဲ့ ကွန်မြူနစ် အိမ်နီးချင်း ၂ နိုင်ငံကြား နီးကပ်တဲ့ ဆက်ဆံရေးကို ဒီခရီးစဉ်က အချက်ပြနေတယ်လို့ တရုတ်အစိုးရ မီဒီယာက ဖော်ပြပါတယ်။
သမ္မတဖြစ်အပြီး ပထမဆုံးခရီးစဉ်အဖြစ် တရုတ်ကိုရွေးချယ်တဲ့ လမ်ရဲ့ ဖျတ်လတ်မှုဟာ ၂ နိုင်ငံနဲ့ ၂ ပါတီကြား ဆက်ဆံရေးအပေါ် သူထားတဲ့သံယောဇဉ် ဘယ်လောက်ကြီးလဲ ဆိုတာ ထင်ဟပ်နေတယ်လို့ တရုတ်က ပြောပါတယ်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနဲ့ ဗီယက်နမ်သမ္မတ တိုလမ်ဟာ သူ့ခရီးစဉ်အတွင်း ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့မှာ တရုတ်မိတ်ဆွေကိုယ်စားလှယ်တွေနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပြီး တရုတ်နဲ့ ဗီယက်နမ် ၂ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးတဲ့ ကူးလူးဆက်ဆံမှုတွေကို ပြန်လည်သုံးသပ်ခဲ့ကြပါတယ်။
တိုလမ်ဟာ တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ တခြား တရုတ် အကြီးတန်းအရာရှိတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
Source-Reuters