Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းသည့် ထုတ်ကုန်များနှင့်ပတ်သက်၍ အမေရိကန် သတိပေး
DVB
·
August 19, 2024

မြန်မာနိုင်ငံကနေ တရားမဝင် တင်သွင်းတဲ့ အသားထုတ်ကုန်မျိုးစုံနဲ့ ပတ်သက်ပြီး အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ရဲ့ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS)က ဩဂုတ် ၁၆ ရက်နေ့စွဲနဲ့ ပြည်သူ့ကျန်းမာရေး သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုသို့ အသားထုတ်ကုန်တွေ တင်ပို့ခွင့်မရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီထုတ်ကုန်တွေ ဝင်ရောက်လာတဲ့ လမ်းကြောင်းတွေကို  FSIS အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေတာလို့  အစားအစာဘေးကင်းရေးဝက်ဘ်ဆိုက် (FSN) မှာ ဖော်ပြပါတယ်။

ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတိပေးချက်အဖြစ် ထည့်သွင်းသတ်မှတ်ခဲ့တဲ့ မြန်မာထုတ်ကုန်စာရင်းမှာ Grandma အဖွားလက်ရာ အမှတ်တံဆိပ်ပါ အသားစည်သွတ်ဘူး မျိုးစုံ၊ စံပြဒေါ်ကြည်နဲ့ ထိမိဂွိ အမှတ်တံဆိပ် မုန့်ဟင်းခါး စတဲ့ ထုတ်ကုန် ၁၈ မျိုး ပါဝင်ပါတယ်။

USDA ရဲ့ အေဂျင်စီတခုဖြစ်တဲ့ FSIS ဟာ လက်လီဖြန့်ချိတဲ့ ဈေးဆိုင်တွေကို ထုံးစံအတိုင်း စစ်ဆေးမှုတွေ လုပ်ဆောင်ရာမှာ ကြက်သား၊ ဘဲသား၊ ဆိတ်သား၊ အမဲသား၊ ငါးစတဲ့ မြန်မာအမှတ်တံဆိပ် အသားထုတ်ကုန် အမျိုးမျိုးကို တွေ့ရှိခဲ့တာဖြစ်ပြီး တင်သွင်းခွင့် အမှတ်အသား တစုံတရာမပါဝင်တဲ့ ဒီထုတ်ကုန်တွေကို အမေရိကန်တဝန်းရှိ လက်လီဆိုင်တွေကို ဖြန့်ဖြူး ရောင်းချနေတယ်လို့ ဆိုပါတယ်။

အဖွားလက်ရာ စားသောက်ကုန်လုပ်ငန်းကတော့ သူ့ရဲ့ထုတ်ကုန်တွေဟာ အရည်အသွေးပြည့်မီပြီး သန့်ရှင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုသာ အသုံးပြုထားတယ်လို့  သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တရားမဝင် မြန်မာထုတ်ကုန်တွေ စားသုံးမှုကြောင့် ဘေးဥပဒ် ဖြစ်၊ မဖြစ်ဆိုတာနဲ့ပတ်သက်လို့ အတည်ပြုနိုင်ခြင်းမရှိပေမဲ့ စားသုံးသူတွေနဲ့ လက်လီဆိုင်တွေ လက်ဝယ်မှာ ဒီထုတ်ကုန်တွေ ဆက်ရှိနေမှာကို စိုးရိမ်တဲ့အကြောင်း၊ ဒီထုတ်ကုန်တွေကို ဆက်ပြီး စားသုံးတာ၊ ရောင်းချတာတွေ မလုပ်ဖို့ စားသုံးသူတွေနဲ့ လက်လီဆိုင်တွေကို တိုက်တွန်းထားတဲ့အကြောင်း FSIS က ပြောပါတယ်။

နောက်ပြီး စားသုံးသူတွေအနေနဲ့ ဝယ်ယူခဲ့တဲ့ဆိုင်ကို ပစ္စည်းပြန်သွင်းတာ ဒါမှမဟုတ် လွှင့်ပစ်တာတွေ လုပ်ကြဖို့လည်း အကြံပြုထားပါတယ်။

ဒါ့အပြင် မြန်မာအသားထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ ပြဿနာတစုံတရာ တိုင်ကြားလိုတယ် ဆိုရင်တော့ https:// foodcomplaint.fisi. usda.gov/eCCF/ ကနေတဆင့် အချိန်ပြည့် တိုင်ကြားနိုင်တဲ့အကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Source/Photo- FSIS-USDA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013