ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ခုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးကို ပြီးခဲ့တဲ့ရက်ပိုင်းက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
MNDAA နဲ့ နီးစပ်သူတဦးက “ကျန်းမာရေးပိုင်းကတော့ လားရှိးပြည်သူ့ဆေးရုံကြီး ပြန်ဖွင့်နေပြီ။ ပြည်သူ့ကျန်းမာရေးဌာန ပြန်ဖွင့်တော့မယ်လို့ သိရပါတယ်။ ပညာရေးကတော့ အခြေခံရော အဆင့်မြင့်ရော အမြန်ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတယ်။ အုပ်ချုပ်ရေး ယာယီကော်မတီတွေ၊ ရပ်ကွက်အလိုက် ဖွဲ့စည်းနေတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။
လေကြောင်းရန်ကလွဲရင် စိတ်ချစွာ ပြန်လာလို့ရပြီဖြစ်ပြီး သူခိုးနဲ့ ဖောက်ထွင်းသူတွေကို ကိုးကန့်ရဲတပ်ဖွဲ့က လှည့်ကင်းတွေ နေ့၊ ည လှည့်ပြီး အရေးယူမှုတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။
“ဖမ်းဆီးရမိထားတဲ့ ပစ္စည်းတွေက ရဲစခန်းမှာရှိတယ်လို့ သိရပါတယ်။ ပိုင်ရှင်တွေက အထောက်အထားပြနိုင်ရင် ပြန်ပေးနေတယ်လို့ သိရပါတယ်ဗျ။”
ဆေးရုံမှာ အဓိက ဆေးကုသမှုပေးနေတဲ့ သူနာပြု၊ ဆရာဝန်တွေကတော့ CDM သူနာပြု၊ ဆရာဝန်တွေ အများစုဖြစ်တယ်လို့ လည်း ပြောပါတယ်။
ဒေသခံ အမျိုးသားတွေကတော့ ရပ်ကွက်ထဲ ရှိတဲ့လူတွေကို ဆိုင်ရာဆိုင်ရာအဖွဲ့တွေ ဖွဲ့ပေးထားတာ ရှိတယ်လို့ ပြောပါတယ်။
လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း လားရှိုး ပြန်လည်ထူထောင်ရေး Facebook Page မှာလည်း အသိပေး ဖော်ပြထားပါတယ်။
လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်တာကြောင့် CDM ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ CDM ဝန်ထမ်းတွေကိုလည်း ပြန်လည်ခေါ်ယူနေပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အရေးပေါ် ထိခိုက်ရှနာလူနာတွေ အပါအဝင် သားဖွားမီးယပ်၊ သွေးနဲ့ ဆီးစစ်တာတွေ၊ ဓာတ်မှန်နဲ့ Ultrasound ရိုက်တာတွေ၊ OG ရိုးရိုးနဲ့ ခွဲစိတ်တာတွေ လက်ခံကုသပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် TB ဆေးနဲ့ ART ဆေးတွေလည်း လာရောက်ထုတ်ယူနိုင်ပြီလို့ ဆိုပါတယ်။
လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်ကစပြီး MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။