ရှမ်းပြည်နယ်မြောက်ပိုင်း လားရှို့မြို့မှာ စစ်ကောင်စီတပ်သားအလောင်းတွေကို မြို့ခံတွေ ကိုယ်တိုင် ရှင်းလင်းနေရပြီး အပုပ်နံ့တွေရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၃ ရက်နေ့က လာရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ပြီးသွားပေမယ့် မြို့ထဲမှာ အပျက်အစီးတွေအပြင် ရပ်ကွက်တွေထဲနဲ့ လူနေအိမ်တချို့မှာ စစ်ကောင်စီ တပ်သား အလောင်းတွေ ကျန်ရှိနေခဲ့တာပါ။
မြို့ခံ အမျိုးသမီးတယောက်က “ထင်းရှူးမြိုင်က ပစ်လိုက်တာတွေ ရှိတယ်။ ဒီရပ်ကွက်ထဲမှာ ရှိတယ်။ အလောင်းတွေကို နှစ်ထပ်သား သုံးထပ်သားတွေနဲ့ ဆွဲပြီး ဖုံးအုပ်ထားတာတွေ ရှိတယ်။ အလောင်းတွေ ၃၊ ၄ လောင်းရှိတယ်” လို့ ပြောပါတယ်။
MNDAA က နယ်မြေရှင်းလင်းရေးနဲ့ မြို့သန့်ရှင်းရေးလုပ်နေပေမဲ့ ရပ်ကွက်အားလုံးကိုတော့ ရှင်းလင်းမပေးနိုင်သေးလို့ ရပ်ကွက်ထဲက အလောင်းတွေကို ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရတယ်လို့ မြို့ခံအမျိုးသားတွေက ပြောပါတယ်။
မြို့ခံ အမျိုးသားတယောက်က “ဒီလမ်းထဲမှာဆိုရင် အိမ်အပြင်ဘက် မြောင်းပေါ်မှာ၊ လှေကားထစ်တွေပေါ်မှာ၊ အုတ်ခုံကြားတွေမှာ တင်နေတာရှိတယ်။ လမ်းကြားတွေမှာရှိတယ်။ ဒီရပ်ကွက်ထဲမှာတင် ၅ လောင်းရှိတယ်။ ဂန္ဓမာလမ်းမှာရော ကြားလမ်းတွေမှာရော ၃ လောင်း လောက်ရှိတယ် မြင်သာတာက ၁၀ လောင်း၊ ၁၁ လောင်းလောက်ရှိတယ်။ ဒီက လူငယ်တွေပဲ သူတို့ ကြိုးစားပြီး ဆွဲထုတ် မီးရှို့ထားပေးတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေနေရာယူခဲ့တဲ့ အထပ်မြင့်တိုက်တချို့မှာလည်း အပုပ်အနံတွေ ရနေပေမယ့် တိုက်ပိုင်ရှင်တွေ ပြန်မလာနေသေးတာကြောင့် မရှင်းလင်းနိုင်သေးဘဲ မြို့ထဲ ပြန်ဝင်လာမယ့် လူကြီးတွေ၊ ကလေးတွေကို မကြောက်အောင် အထူးသဖြင့် ကလေးတွေကို ဒီ အနိဋ္ဌာရုံတွေကို မမြင်စေချင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “အိမ်ထဲမှာလည်း အနံ့တွေ ရှိနေတယ်။ လူမဝင်တဲ့အိမ်တွေပေါ့။ သူတို့အဝတ်တွေ၊ ဖိနပ်တွေ၊ အပြင်မှာ လှမ်းတွေ့နေရတာတွေ ရှိတယ်။ ဖရိုဖရဲဖြစ်နေတဲ့ အနေအထားတွေ လှမ်းမြင်နေရတယ်” လို့ ပြောပါတယ်။
DVB က ဩဂုတ် ဒုတိယပတ် ၉ ရက်ကနေ ၁၂ ရက်နေ့အထိ မြို့တွင်းကို လှည့်လည်ကြည့်ရှုခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဝတ်စုံအပိုင်းအစတွေ၊ အသုံးအဆောင်တွေ စွန့်ပစ်ထားတာကို လမ်းဘေးမှာ အများအပြား တွေ့ရပြီး ဗျူဟာလမ်း ရပ်ကွက်သစ်နဲ့ ရပ်ကွက် ၅ အတွင်းမှာလည်း စစ်ကောင်စီအလောင်း တချို့ကို လမ်းမပေါ်မှာ မီးရှို့သင်္ဂြိုဟ်ပေးထားတာကိုလည်း တွေ့ရပါတယ်။
မြို့ထဲ တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာတွေရဲ့ အထပ်မြင့် အဆောက်အအုံတွေရှေ့ ဖြတ်သန်းသွားလာချိန်မှာ အပုပ်နံ့တွေ ရနေဆဲဖြစ်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အတွင်းမှာလည်း တိုက်ပွဲအတွင်းက ပျက်စီးထားတာတွေကို ရှင်းလင်းထားတာမရှိသေးသလို အပုပ်နံ့တွေလည်းရနေတုန်း ဖြစ်ပါတယ်။
လားရှိုးမြို့ကို လက်ရှိမှာ MNDAA က ထိန်းချုပ်ထားပြီး မြို့ထဲမှာတော့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲဖြစ်သလို ဩဂုတ် ၇ ရက်နေ့ကစလို့ လားရှိုးမြို့ အဝင်အထွက်ကို ဖွင့်ပေးခဲ့တာကြောင့် စစ်ဘေးရှောင်တချို့လည်း နေရပ်ပြန်လာတာကို တွေ့ရပါတယ်။
ဇူဇူး