ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဩဂုတ် ၁၆ ရက် မနက် ၈ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ကားလမ်းနဲ့ ဈေးဆိုင်ခန်းတွေပိတ်ထားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့ကနေ ချောင်းသာနဲ့ ငွေဆောင်ကိုသွားတဲ့လမ်းပိုင်းကိုပိတ်ထားပြီး ငွေဆောင်မြို့ထဲက ဈေးဆိုင်ခန်းတွေလည်း ဖွင့်လှစ်ရောင်းချသူမရှိဘဲ သြဂုတ် ၁၇ ရက်အထိ ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ပုသိမ် ဘိုးဘွားရိပ်သာနားနဲ့ ကြိုးတံတားနားမှာ ပစ်ခတ်မှု ဖြစ်တာလို့ သိရတယ်။ အဲဒီနားက ရေတပ်ရှိတော့ သဲကားနဲ့ ရေတပ်ကို ပစ်တာလို့လည်း ပြောနေကြတယ်။ ပစ်ခတ်မှု ဖြစ်တာကြားတော့ လူတွေက ဆန်တွေ၊ ဆီတွေတိုးဝယ်ကြပြီး ရှိတဲ့ဆိုင်တွေလည်း အကုန်ပိတ်ထားကြတယ်။ ဂွဘက်မှာလည်း တိုက်ပွဲဖြစ်တော့ ဒီဘက်နဲ့နီးတော့ ပိုစိုးရိမ်ပြီး လုယက်ဝယ်ကြတာပေါ့။ ဒီနေ့အထိလည်း ဆိုင်တွေရော၊ လမ်းတွေပါပိတ်ထားတာတွေ့ရတယ်” လို့ ပြောပါတယ်။
ဩဂုတ် ၁၀ ရက်ကစတင်ပြီး ဧရာဝတီတိုင်းနဲ့မိုင် ၅၀ကျော်ပဲကွာဝေးတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့၊ ကျိန္တလီမြို့နားမှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းထဲမှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ချောင်းသာဒေသခံတယောက်က “ဒီနေ့မနက် စစ်ကောင်စီတပ်က ဂွဘက်ကို စစ်ကား ၂ စီး နဲ့ တက်သွားတာတွေ့ရတယ်။ ဒီဘက်ကိုတိုက်ပွဲတွေကူးစက်လာမယ့် အခြေအနေမြင်နေရတယ်။ ချောင်းသာနဲ့ ငွေဆောင်လမ်းလည်း ပိတ်ထားတာတွေ့ရတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေများလာပြီး ဧရာဝတီတိုင်းထဲမှာ လာရောက် စစ်ရှောင်တဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ငွေဆောင်၊ ချောင်သာ၊ ပုသိမ်ဘက်မှာ ဧည့်စာရင်းစစ်ဆေးတာတွေကို သြဂုတ် ၁၀ ရက်က စတင်ပြီး အရင်ထက် တင်းတင်းကျပ်ကျပ်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။