Home
နိုင်ငံတကာ
မျောက်ကျောက်ဗိုင်းရပ်စ် ဘေးကင်းရေးအစီအမံ ပါကစ္စတန် လုပ်ဆောင်
DVB
·
August 17, 2024
Photo -REUTERS

ပါကစ္စတန်ကျန်းမာရေးဝန်ကြီးဌာနက ပင်လယ်ကွေ့နိုင်ငံမှပြန်လာတဲ့ လူနာတဦးမှာ မျောက်ကျောက်ရောဂါ mpox ဗိုင်းရပ်စ် ကူးစက်ခံရသူ အနည်းဆုံး တဦးကို အတည်ပြုခဲ့ပြီးနောက် ဗိုင်းရပ်စ်ပိုးအမျိုးအစားကို မသိသေးပေမယ့် အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီး ထိန်းချုပ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်မှာဖြစ်ကြောင်း ပါကစ္စတန် ကျန်းမာရေး အရာရှိ တဦးက သြဂုတ် ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အတည်ပြုလူနာအမှုကို ဆက်လက်ဆောင်ရွက်နေပြီး လုပ်ငန်းစဉ် မပြီးမချင်း လူနာမှာ ဘယ်လို mpox အမျိုးအစား ကူးစက်ခံထားရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ခိုက်ဘာပက်ရှ်တွန်ခွာပြည်နယ် ကျန်းမာရေးဝန်ဆောင်မှုဌာနမှ ပြည်သူ့ကျန်းမာရေး ညွှန်ကြားရေးမှူး ဒေါက်တာ အာရှဒ် အလီ ရိုဂါနီ က ပြောပါတယ်။ 

ပါကစ္စတန်လေဆိပ်အာဏာပိုင်အဖွဲ့ (PAA) ဌာနချုပ်မှ သတင်းထုတ်ပြန်ချက်အရ ဆင်းဒ်န် ကျန်းမာရေးညွှန်ကြားရေးမှူးချုပ်ဟာ လေဆိပ်မန်နေဂျာနဲ့ လေဆိပ်ကျန်းမာရေးဌာန ဒါရိုက်တာတို့ နဲ့အတူ  ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ ကရာချိရှိ ဂျင်နားအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မျောက်ကျောက်ရောဂါအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေကို သွားရောက် စစ်ဆေးအကဲဖြတ်ကြပါတယ်။ 

နိုင်ငံတကာလေကြောင်းတွေမှတဆင့် ပါကစ္စတန်ကို ရောက်ရှိလာတဲ့ ခရီးသည် အားလုံးအတွက် စစ်ဆေးမှုလုပ်ငန်းစဉ်များကို အကဲဖြတ်ခဲ့ပြီး ဖြစ်နိုင်ခြေလက္ခဏာတွေပြသတဲ့ ခရီးသွားတွေ အတွက် နယ်စပ်ကျန်းမာရေးဝန်ဆောင်မှုမှ တပ်ဆင်ထားတဲ့ သီးခြားအခန်းတွေကိုလည်း ပြင်ဆင်ထားပါတယ်။ 

ပက်ရှ်ဝါပြည်နယ်က လေဆိပ်မှာလည်း ခရီးသည်တွေကို လေဆိပ်မှာ ရောဂါရှာဖွေစစ်ဆေးတဲ့ စခရင် စစ်ဆေးမှု လုပ်ဆောင်နေပြီး ပက်ရှ်ဝါဆေးရုံမှာလည်း သီးသန့်ဆောင်တခု ပြင်ဆင် ထားပါတယ်။  

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ပထမဆုံးဖြစ်ပွားခဲ့တဲ့ မျောက်ကျောက်ရောဂါ mpox ဗိုင်းရပ်စ်ဟာ အနီးနားနိုင်ငံတွေကို ပျံ့နှံ့သွားခဲ့ပြီး အာဖရိကမှာ ဖြစ်ပွားမှုနဲ့ပတ်သက်လို့ WHO မှ အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီဗိုင်းရပ်စ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေတဲ့ အမျိုးအစားလား အမျိုးအစားသစ်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

သြဂုတ် ၁၅ ရက်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေဟာ ဆွီဒင်နိုင်ငံမှာ mpox ဗိုင်းရပ်စ်ပိုး အမျိုးအစားသစ် ကူးစက်မှုကို အတည်ပြုခဲ့ပြီး အာဖရိကတိုက်မှာ ကြီးထွားလာနေတဲ့ မျောက်ကျောက်ရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေကြောင်း၊ တိုက်ကြီးအပြင်ဘက်မှာ ပျံ့နှံ့မှုရဲ့ ပထမဆုံးလက္ခဏာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013