Home
နိုင်ငံတကာ
ပါကစ္စတန် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဖမ်းဆီးခံရ
DVB
·
August 13, 2024
Photo - REUTERS/Anushree Fadnavis/

ပါကစ္စတန်နိုင်ငံရဲ့ ဩဇာကြီးမားတဲ့ ထောက်လှမ်းရေးအေဂျင်စီ (ISI) အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ် ဖာအိဇ်ဟာမိဒ်ကို မြေယာဖွံ့ဖြိုးရေးကိစ္စနဲ့ စပ်လျဉ်းပြီး ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သြဂုတ် ၁၂ ရက်မှာ ပြောကြားပါတယ်။

ဒီဖမ်းဆီးမှုကို တရားရုံးချုပ်က အမိန့်ချခဲ့တာဖြစ်ပြီး ဟာမိဒ် အငြိမ်းစားယူပြီးနောက်မှာ ပါကစ္စတန် စစ်ဥပဒေချိုးဖောက်မှု အများအပြားကိုလည်း ဖွင့်ချပြခဲ့ကြောင်း စစ်တပ် ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ပါကစ္စတန်စစ်တပ်ရဲ့ မီဒီယာနဲ့ ပြည်သူ့ဆက်ဆံရေးအဖွဲ့ (ISPR) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါကစ္စတန် တရားရုံးချုပ်ရဲ့ အမိန့်အရ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဖာအိဇ်ဟာမိဒ်ကို တိုင်ကြားထားတဲ့ တော့ပ်စီးတီး အမှုတွဲမှာ တိုင်ကြားစာတွေရဲ့ မှန်ကန်မှုကို စစ်ဆေးဖို့ ပါကစ္စတန်စစ်တပ်က အသေးစိတ် စုံစမ်းရေးခုံရုံးကို ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် ပါကစ္စတန်စစ်တပ် အက်ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဒုဗိုလ်ချုပ်ကြီးဟောင်း ဟာမိဒ်ကို သင့်လျော်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု စတင်ခဲ့တဲ့အပြင် အငြိမ်းစားယူပြီးနောက် ပါကစ္စတန်စစ်တပ်အက်ဥပဒေကို ချိုးဖောက်မှု အများအပြားကိုလည်း ချပြခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကို စစ်ခုံရုံးကို တင်ခဲ့ပြီးတော့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဟာမိဒ်ကို စစ်တပ်မှာ ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပြီး ဟာမိဒ်ကို မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။

လွတ်လပ်ရေးရပြီးချိန်ကတည်းက ၇၇ နှစ်တာအတွင်း စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်ခဲ့တဲ့ ပါကစ္စတန်မှာ ထိပ်တန်းအရာရှိကြီးတဦးကို ဖမ်းဆီးလိုက်တာဟာ ပုံမှန်ဖြစ်နေကျကိစ္စ မဟုတ်သလို ဆက်လက်ပြီး တလှုပ်လှုပ် ဖြစ်နေတာပါ။

ဟာမိဒ်ဟာ ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီ (ISI) ရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်ကနေ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတပ်ဖွဲ့တွေ ဆုတ်ခွာပြီးနောက် အာဖဂန်ကို တာလီဘန်တွေ သိမ်းပိုက်ပြီး သိပ်မကြာခင်မှာပဲ ကဘူးလ်ဟိုတယ် ဧည့်ခန်းမှာ လက်ဖက်ရည်သောက်နေတဲ့ ဟာမိဒ်ရဲ့ ဓာတ်ပုံက ကမ္ဘာကျော် ထင်ရှားခဲ့ပါတယ်။

အင်မရန်ခန်း ဝန်ကြီးချုပ်ဖြစ်ချိန်က ထောက်လှမ်းရေးအေဂျင်စီ (ISI) ကို ဦးဆောင်ဖို့ ဟာမိဒ်ကို နာမည်စာရင်း တင်သွင်းခဲ့တာကြောင့် အင်မရန်ခန်းနဲ့ နီးစပ်သူလို့လည်း ယူဆထားကြတာပါ။

အင်မရန်ခန်းရဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက်မှာလည်း ဟာမိဒ်ကိုပဲ ISI အကြီးအကဲ အဖြစ် ဆက်လက်ထားရှိလိုတဲ့ ဆန္ဒကလည်း ခန်းနဲ့ စစ်တပ်ကြား သဘောထားကွဲလွဲမှုတွေထဲ ပါဝင်နေတယ်လို့ ပြည်တွင်းမီဒီယာတချို့က ဖော်ပြကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013