မွန်ပြည်နယ်၊ သထုံမြို့မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတဦးရဲ့ လက်ဖက်ရည်ဆိုင် အဆောက်အဦကို စစ်ကောင်စီတပ်သားတွေက ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်က သထုံမြို့နယ်၊ ကျိုက္ကော်အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးပြီးနောက် သူနဲ့ဆက်စပ်တယ်ဆိုပြီး သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ မင်းလမ်းမှာနေတဲ့ အသက် ၄၀ ကျော်အရွယ် ကိုသားငယ်ပါ အဲဒီနေ့မှာပဲ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုသားငယ်ရဲ့ ရွှေကိုးသိန်း လက်ဖက်ရှည်ဆိုင်အိမ်ကို ဩဂုတ် ၁၅ ရက် မွန်းတည့် ၁၂ နာရီမှာ စစ်သားနဲ့ ရဲ အင်အားအများအပြားနဲ့ လာရောက်ပြီး ချိပ်ပိတ်ခဲ့ပါတယ်။
သထုံမြို့ခံတဦးက “ကျိက္ကော်အုပ်ကြီးကို စစ်တပ်က ဇူလိုင် ၁၀ ရက်နေ့မှာ ဖမ်းတယ်။ ပြီးတော့ သူနဲ့ဆက်စပ်တယ်ဆိုပြီး သထုံနဲ့ သိမ်ဆိပ်က နောက်ထပ် ၅ ယောက် ထပ်ဖမ်းတယ်။ အဲဒီထဲမှာ ကိုသားငယ်လည်း ပါတယ်။ မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ စစ်သားနဲ့ ရဲတွေ အများကြီးက ကိုသားငယ်ရဲ့ ရွှေကိုးသိန်း လက်ဖက်ရည်ဆိုင်အိမ်ကို ချိပ်ပိတ်သွားတယ်။ အဲ့အိမ်ဆိုင်မှာက တယောက်မှမရှိဘူး။ သူဖမ်းခံပြီးတည်းက မိသားစုအကုန်လုံး ပြောင်းသွားပြီ” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ကိုသားငယ်ကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ၅၀(က)၊ ၅၂(ည) တို့နဲ့ သထုံ ဈေးမသွယ်ထောင်မှာ ထိန်းသိမ်းထားပြီး ထောင်တွင်းတရားရုံးမှာ စစ်ဆေးနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရွှေကိုးသိန်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုသားငယ်ဟာ မွန်ပြည်နယ်လွှတ်တော်မှာ NLD အုပ်ချုပ်တဲ့ ၅ နှစ်တာကာလအတွင်း အဆိုအများဆုံး တင်သွင်းခဲ့တဲ့ သထုံမဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်သူရဲ့ညီ ဖြစ်ပါတယ်။
PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းခံထားရတဲ့ ကျိုက္ကော် အုပ်ချုပ်ရေးမှူး ဦးအေးစိုး နေအိမ်ကိုလည်း ဩဂုတ် ၁ ရက်မှာ စစ်ကောင်စီတပ်သားတွေက လာရောက်ချိပ်ပိတ်ခဲ့ပါသေးတယ်။
သထုံမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် NLD အဖွဲ့ဝင်တွေ အပါအဝင် တပ်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ် ၁၅ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်ထားပါတယ်။