Home
မြန်မာသတင်း
ကျိုက္ကော်အုပ်ချုပ်ရေးမှူးနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်
DVB
·
August 2, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရှိ ဖမ်းဆီးခံထားရတဲ့ ကျိုက္ကော်အုပ်ချုပ်ရေးမှူး နေအိမ်ကို စစ်ကောင်စီတပ်သားတွေက ချိပ်ပိတ်ခဲ့ပြီး ဒေသခံ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဇူလိုင်ဒုတိယပတ်မှာ ကျိုက္ကော် ဘုရားကုန်းမှာနေတဲ့ အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး အင်အားအများအပြားနဲ့ သူရဲ့နေအိမ်မှာပဲ ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်ကို ဩဂုတ် ၁ ရက် နေ့လယ် ၁၂ နာရီမှာ စစ်သား၊ ရဲ အင်အားအများအပြားနဲ့ လာရောက်ချိပ်ပိတ်ခဲ့ပါတယ်။

မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက “မနေ့ နေ့လယ်လောက်က ချိပ်လာပိတ်သွားတာပါ။ စဖမ်းခံပြီးတည်းက ချိပ်ပိတ်မယ်လို့ ပြောပေမဲ့ နောက်ပိုင်း မပိတ်တော့ဘူးကြားလို့ မိသားစုဝင်တွေက နေနေတာ။ မနေ့မနက်က ရဲစခန်းက သူတို့အိမ်ကို ချိပ်ပိတ်တော့မယ်ဆိုတဲ့ အကြောင်းကို လှမ်းပြီးအသိပေးတာ။ အဲဒါကြောင့် အိမ်ကပစ္စည်းတွေ အကုန်လုံးထုတ်လို့ မီသွားတယ်။ နေ့လယ်ကျတော့ ချိပ်လာပိတ်သွားတယ်။ သူ့အမှုကတော့ အကြမ်းဖက်ပုဒ်မလို့ ပြောတယ်။ ထပ်တိုးဖို့လည်း ရှိသေးတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ကျိုက္ကော်အုပ်ချုပ်ရေးမှူး ဦးအေးစိုးကို အကြမ်းဖက်ပုဒ်မနဲ့ ဇူလိုင် ၂၆ ရက်က ရုံးထုတ်ခဲ့ပြီး မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျိုက္ကော်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီက သထုံ ဈေးမသွယ်ထောင်မှာ ထိန်းသိမ်းထားပြီး ထောင်တွင်းတရားရုံးမှာ စစ်ဆေးနေပါတယ်။

ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ပတ်သက်ပြီး သထုံ၊ ကျိုက္ကော်၊ သိမ်ဆိပ်တို့မှာ နေထိုင်တဲ့ အမျိုးသား ၅ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

သထုံမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် NLD အဖွဲ့ဝင်တွေ အပါအဝင် တပ်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ် ၁၅ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013