Home
မြန်မာသတင်း
မိုးကောင်းမြို့ ရွှေပီတိ စားသောက်ဆိုင်နှင့်နေအိမ်ကို စစ်တပ်က ချိပ်ပိတ်
DVB
·
January 10, 2024
moekaung 1012024

ကချင်ပြည်နယ် မိုးကောင်းမြို့ အရှေ့ရပ်ကွက်မှာရှိတဲ့ ရွှေပီတိ စားသောက်ဆိုင်နဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဒီနေ့မနက် ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စားသောက်ဆိုင်ပိုင်ရှင်ကို PDF နဲ့ ဆက်နွှယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက ဖမ်းသွားတယ်။ မနက် ၈ နာရီလောက်က သူ့စားသောက်ဆိုင်နဲ့ အိမ်ကို ချိတ်ပိတ်သွားတယ်။ မနေ့ကတည်းက အိမ်က ပစ္စည်းတွေကို ပြောင်းရွှေ့ခိုင်းထားပြီး ဒီမနက်မှာပဲ ချိတ်ပိတ်သွားတာ" လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ရွှေပီတိ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုင်းဘို ကို ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခု စက်တင်ဘာလအတွင်း စစ်ကြောရေးမှာ ဖမ်းဆီးထားကာ  နေအိမ်ကို ချိပ်ပိတ်မှာဖြစ်တဲ့အတွက် မနေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က  နေအိမ်ရှိ ပစ္စည်းတွေကို ရွှေ့ပြောင်းခိုင်းထားခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၉ ရက်ကလည်း မိုးကောင်း အထက်တန်းကျောင်းအနီး ကျောင်းလာကြိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ ၇၀ ကျော်ကို လိုက်လံဖမ်းဆီးပြီး အသက် ၄၀ ကျော် အရွယ် ဦးဝဘော်တန်ဂွမ်း ဆိုသူ ရိုက်နှက်စစ်ဆေးခံခဲ့ရကာ  စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၃ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဇင်ယော် စက်သုံးဆီ အရောင်းဆိုင်ကို ဘူဒိုဇာနဲ့ ထိုးချ ဖျက်ဆီးပြီး ဆိုင်ဝန်ထမ်း ၂၀ လောက်ကို ဖမ်းဆီးကာ ဆိုင်ပိုင်ရှင် အမျိုးသမီးကို ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် စစ်ကြောရေးမှာ သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024