Home
မြန်မာသတင်း
မိုးမောက် ခမ၇ ၄၃၇ တပ်ရင်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထပ်မံတိုက်ခိုက်
DVB
·
August 16, 2024

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အခြေစိုက်  မိုးမောက် ခမ၇ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

KIA ပူးပေါင်းတပ်တွေက မိုးမောက်မြို့နယ်အတွင်း နောက်ဆုံးကျန်ရှိနေတဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို ပြီးခဲ့တဲ့ မေလမှာ ပထမအကြိမ် တိုက်ပွဲဖော်ဆောင်ခဲ့ပေမဲ့ သိမ်းပိုက်နိုင်တာ‌တော့ မရှိခဲ့ပါဘူး။

ဒါကြောင့် ဇူလိုင် ၂၄ ရက်မှာ တကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွတ်ရရေးအတွက်  လေကြောင်းကနေပါ အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။

ဒေသခံတဦးက  “ဗန်းမော်နဲ့က ကပ်ရပ်ဆိုတော့ စစ်ကူတွေကလည်း ဗန်းမော်ဘက်ကနဲ့ လိုသလောက် သူတို့ဝင်လို့ရတယ်။ နောက် ဗန်းမော်ဘက်ကလည်း လက်နက်ကြီးနဲ့ ကြိုက်သလိုထုလို့ရတာပေါ့။ ဒရုန်းနဲ့လည်း အဲ့လို ပစ်လို့ရတယ်။ တခုရှိတာက ၄၃၇ မှာက အရင်က တောင်ကုန်းပေါ်မှာရှိတဲ့ စခန်းတော်တော်များများကို သိမ်းပိုက်တဲ့အချိန်မှာ ထွက်ပြေးသွားတဲ့ သူတို့ရဲ့ စစ်သားတွေအကုန်လုံး အဲ့ဒီမှာ စုနေတယ်လို့လည်း ကြားရပါတယ်။ ဆိုတော့ စစ်အင်အားတွေလည်း တော်တော်များများ စုနေတဲ့ သဘောမှာလည်း ရှိနေပါတယ်။ နောက်တခုရှိတာက ၄၃၇ ကတော့ အားလုံးသိကြတဲ့အတိုင်း ဗန်းမော်က အဓိက လုံခြုံရေးစခန်းကြီးဖြစ်ပါတယ်။ ဆိုတော့ သူတို့လည်း မဆုတ်တမ်း ခံစစ်နဲ့တိုက်နေတဲ့ အနေအထားကို တွေ့မြင်ရပါတယ်။ ဒါကြောင့် အခုလိုမျိုး နည်းနည်းအချိန်ကြာတဲ့ သဘောရှိပါတယ်”လို့ ပြောပါတယ်။

လတ်တလောတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီက စခန်းလက်မလွတ်ရရေးအတွက် မြေပြင်ကနေရော လေကြောင်းကနေပါ အပြင်းအထန် ခုခံနေပါတယ်။

မိုးမောက်မြို့ဟာ ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးပေါ်မှာတည်ရှိတဲ့ မြို့တမြို့ဖြစ်ပြီး တရုတ်နယ်စပ် နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတခု ဖြစ်ပါတယ်။

လတ်တလော ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ပစ်ခတ်မှုတွေ တောက်လျှောက် လုပ်ဆောင်နေတာပါ။

ကချင်ပြည်နယ်အတွင်း ဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်း အခက်အခဲကြောင့် သတင်းအချက်အလက် ရရှိမှု ခက်ခဲနေကြပြီး ပြည်သူတွေအနေနဲ့ ပတ်ဝန်းကျင်စစ်ရေးအခြေအနေကို အမြဲတမ်းသတိထားပြီး လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းထားပါတယ်။

“ဗန်းမော်ပတ်ဝန်းကျင်မှာကတော့ တိုက်ပွဲတွေရှိတယ်။ အထူးသဖြင့်တော့ လက်နက်ကြီးတွေ အပြန်အလှန် ပစ်ခတ်တာပေါ့နော်။ ဆိုတော့ မြို့ပေါ်မှာလည်း လက်နက်ကြီးတွေ ကျနိုင်တဲ့ အနေအထားမှာရှိတယ်။ အဲ့တာကြောင့် ကျနော်တို့ ပြည်သူလူထုအနေနဲ့လည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်က စစ်ရေးအခြေအနေကို အမြဲတမ်း သတိထားဖို့ အရေးကြီးပါတယ်။ လုံခြုံတဲ့နေရာတွေ ပြင်ဆင်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲဆိုတာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှပြောလို့မရတာ။ အဲ့တာကြောင့် ပတ်ဝန်းကျင်မှာ စစ်ရေးအခြေအနေကို အမြဲတမ်း နားထောင်ပြီးမှ ဂရုစိုက်ပြီးမှ နေဖို့တော့ အရေးကြီးပါတယ်။ ကိုယ့်မိသားစုအတွက် လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့ရယ်၊ နီးကပ်လာလို့ရှိရင်တော့ လုံခြုံတဲ့နေရာဘက်ကို တိမ်းရှောင်ဖို့အရေးကြီးပါတယ်။ အဲ့တာကြောင့် ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးကိုတော့ ဂရုစိုက်ဖို့ ပြောလိုပါတယ်။ နောက်တခုရှိတာက ကျနော်တို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် အခုလိုမျိုး ပြည်သူလူထုနဲ့ ကျနော်တို့ လက်နက်ကိုင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အကုန်လုံး ပူးပေါင်းပြီးမှ တိုက်ပွဲဝင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ အားလုံးပါဝင်ဖို့လည်း အရေးကြီးပါတယ်။ အားပေးဖို့လည်း အရေးကြီးတယ်။ နားလည်ဖို့လည်း အရေးကြီးပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”

ဩဂုတ် ၁၄ ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ဖားကန့်မြို့နယ် လမောင်ကုန်းစစ်ကောင်စီတပ်စခန်းနဲ့ တောမှော်တပ်စခန်းတွေကိုလည်း ဩဂုတ် ၁၅ ရက်က စခန်း ၂ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝိုင်းမော်နဲ့ မံစီ မြို့နယ်ဘက်တွေမှာတော့ စစ်ရေးလှုပ်ရှားမှုတွေ မရှိပေမဲ့ စစ်ကောင်စီကတော့ ဝိုင်းမော်ဘက်ကနေ လုံခြုံရေးသဘောနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013