Home
မြန်မာသတင်း
ဖားကန့်မြို့အနီး တောမှော်တပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်
DVB
·
August 14, 2024

ဖားကန့်မြို့အနီးက လမောင်ကုန်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ တောမှော်တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ 

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဖားကန့်မြို့အနောက်ဘက်မှာရှိတဲ့ လမောင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ ၁၄ ရက် မနက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီမနက် ၂ နာရီခွဲလောက်ကနေ KIA၊ KPDF ပူးပေါင်းတပ်တွေက ဖားကန့်မြို့ အနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ အမြင့်ဆုံးတပ်စခန်း လမောင်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ လမောင်ကုန်းတပ်စခန်းကို ဝင်တိုက်ခိုက်နေပါတယ်။ မနက် ၂ နာရီခွဲကနေ လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်အသံတွေရော ဆူညံနေတာပဲ။ တိုက်ပွဲပြင်းထန်နေတယ်။ ၁၀ နာရီခွဲလောက်မှာက စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစီးနဲ့ လမောင်စစ်ကောင်စီတပ်စခန်း အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပါတယ်။ ဖားကန့်ဗျူဟာကုန်းကနေလည်း လက်နက်ကြီးတွေ လှမ်းပစ်ကူနေပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး ဖားကန့်နဲ့ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လမောင်ကုန်းတပ်စခန်းဟာ စစ်အင်အား ၂၀၀ ထက်မနည်းတပ်စွဲထားတဲ့ ဆယ်စုနှစ်တစုကြာ ဗျူဟာမြောက် စခန်းဖြစ်ပြီး ဖားကန့်မြို့ထဲက ဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူ လှမ်းထောက်ထားတဲ့ အဓိက စခန်းကြီးတခုဖြစ်သလို စစ်ရေးအရ အရေးပါဆုံးတပ်စခန်းကြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

လတ်တလော တိုက်ပွဲပြင်းထန်နေတာကြောင့် လမောင်ကျေးရွာနဲ့ ဆိုင်းဂျာဘွမ်ကျေးရွာက ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်အတွင်း ဇူလိုင် ၂၁ ရက်ကစပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ ဝိုင်ဖိုင်အားလုံးကို စစ်ကောင်စီက ဖြတ်တောက်လိုက်ပြီး စစ်အင်အား ဖြည့်တင်းတာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖားကန့်မြို့ထဲမှာတော့ ဝိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုရဖို့အတွက် တနာရီ ငွေ ၂ သောင်းပေးပြီး ၃ နာရီခန့် တန်းစီစောင့်ဆိုင်းကာ အသုံးပြုခဲ့ရတာပါ။

စစ်ရေးတင်းမာနေချိန် အခုလို ဆက်သွယ်ရေးကလည်း ခက်ခဲနေတာကြောင့် ဒေသခံတွေက ပိုပြီး စိုးရိမ်နေကြပါတယ်။

“လောလောဆယ် ဖားကန့်မှာက စစ်ရေးအခြေအနေ တင်းမာနေသလို ဖားကန့်မှာက ဇူလိုင်လ ၂၁ရက်နေ့ကနေ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အားလုံးပြတ်ကုန်တဲ့အတွက် ပြည်သူတွေက ဒုက္ခရောက်နေကြတာပေါ့။ စစ်ဖြစ်လာပြီဆိုရင်လည်း သတင်းအချက်အလက်တွေ မသိဘူး။ တခေါက်တော့ ဖားကန့်မှာ တနာရီ ၂ သောင်း ဝိုင်ဖိုင်သုံးရတာ။ အခုတော့ တသောင်းခွဲ၊ တသောင်း တဖြည်းဖြည်းတော့ ဈေးကျလာပြီ။ လောလောဆယ်အထိ ဖုန်းလိုင်းက မရသေးဘူး။ ဆက်သွယ်ရေး မရတော့ အကုန်လုံး ဒုက္ခရောက်နေကြတာပေါ့” ဒေသခံတဦးက ပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊  နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်း စတဲ့ တပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီဖြစ်ပြီး လမောင်တပ်စခန်း၊ တောမှော်တပ်စခန်း၊ ကံဆီးဗျူဟာကုန်း၊ အောင်ဘာလေ စခန်း၊ လယ်ပြင်စခန်း၊ ဆိုင်းတောင်ရဲစခန်း၊ ဖားကန့် ဗျူဟာကုန်း၊ ဖားကန့်ရဲစခန်း စတဲ့ တပ်စခန်းနေရာတွေသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013