မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၅ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတာဝန်ခံတဦးက “မိုးမိတ်-မန္တလေး လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာတပ်ဖြစ်တဲ့ တွင်းငယ်ရဲစခန်းကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကားတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေအပြင် စစ်ရေးပစ်မှတ်တွေကိုလည်း တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
KPDF တာဝန်ခံတဦးက “ပြောရရင် ဒီစခန်းသိမ်းတိုက်ပွဲက နာရီပိုင်းလောက်ပဲ ကြာလိုက်တယ်။ ၉ နာရီဝန်းကျင်က စလိုက်တာ ၁၁ လောက်မှာ စခန်းသိမ်းနိုင်လိုက်တယ်။ ကျနော်တို့ တပ်ပေါင်းစုတွေဘက်က အရမ်းကြီး ထိခိုက်မှုတွေတော့ မရှိပါဘူး။ သူတို့ဘက်က အသေအပျောက်စာရင်း အသေးစိတ်ကိုတော့ ဒီကလုပ်ငန်းစဥ်တွေပြီးမှ ထပ်မံထုတ်ပြန်ပေးပါလိမ့်မယ်။ နောက်ထပ်လည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမှာပါ” လို့ ပြောပါတယ်။
အဆိုပါ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကလည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ကျေးရွာအနီးက တာဝါတိုင်ကုန်းပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ဇူလိုင်လအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်မှာလည်း ဇူလိုင် ၁၈ ရက် မနက် ၈ နာရီဝန်းကျင်က စစ်သားတဦးအား ပစ်ခတ်ပြီး ၄၀ မမ ထောက်တွဲသေနတ်ကို လုယူနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းဆီကနေ သိရပါတယ်။
မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းရဲ့ တာဝန်ခံတဦးက “သူ့နာမည်က အင်္ဂုလိ တဲ့။ ဒီကောင်က စစ်သား။ 4 Wheel ကားနဲ့ သွားလေရာတိုင်း သေနတ်ကြီးတလွယ်လွယ်နဲ့ စျေးဝယ်လည်းပါတယ်၊ လက်ဖက်ရည်ဆိုင်ထိုင်လည်း ပါတယ်၊ ကွမ်းဝယ်လည်း ပါတယ်ဗျာ။ အခုက ဝါးထောင်ဘုန်းကြီးကျောင်းနားက ကွမ်းဆိုင်မှာ ကွမ်းဝယ်နေတုန်း ကျနော်တို့ရဲဘော် ၄ ယောက်က ဝင်လုံးပြီး သေနတ်လုခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
တိုက်ခိုက်မှုမှာပါ၀င်ခဲ့တဲ့ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းက တပ်ဖွဲ့၀င်တဦးက “ကျနော်တို့အဖွဲ့မှာ ဘာလက်နက်ကောင်းတာမှမရှိဘူး။ ထိုင်းထုတ် SIG 380 လေး တလက်ပဲရှိတာ။ အဲ့ဒီသေနတ်လိုချင်လို့ဆီပြီး ရဲဘော်တွေ အရဲစွန့်ပြီးထပ်လုပ်လိုက်ကြတာ။ အရင်ရက်က လုပ်ဖို့သွားတာ ဘေးချင်းယှဥ်နေပြီ။ သူ့ဘက်က အင်အားများတာနဲ့ပဲ မလုပ်ဖြစ်ဘဲရှောင်ခဲ့ရတယ်။ နောက်ရက်သွားချောင်းရင်းနဲ့ သူကွမ်း၀ယ်တဲ့အချိန် ကျနော်တို့ရှိတဲ့ SIG 380 လေးနဲ့ ၂ ချက်ပစ်တော့ သူ့ရဲ့ကျည်ကာအင်္ကျီကိုမတိုးနိုင်ဘူးလေ။ သူကပြန်ပစ်ဖို့လုပ်တော့ နောက် ၃ ချက်ထပ်ပစ်ပြီး ရဲဘော်တွေက၀င်လုံးကြရင်း သူ့သေနတ်နဲ့ ကျည်တွေကို လုယူခဲ့ရတာပါ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား အင်္ဂုလိ သေဆုံးပြီး သူ့ဆီကနေ ၄၀ မမ ထောက်တွဲလောင်ချာနဲ့အတူ ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပေမယ့် PDF ရဲဘော်တွေရဲ့ SIG 380 သေနတ်နဲ့ ဖုန်း ၁ လုံးကျကျန် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။