ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်က လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ ဘုန်းကြီးကျောင်းတကျောင်း အပါအဝင် လူနေအိမ် ၃၉ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၁ ရက်က စတင်ကာ မနေ့ သြဂုတ် ၁၄ ရက်အထိ မိုးရွာသွန်းမှုများပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာတွေကြောင့် လေးမြို့မြစ်ရေ မြင့်တက်လာပြီး အခုလို ကမ်းပါးပြိုကျကာ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တာလို့ မင်းပြားနယ်ခံတဦးက ပြောပါတယ်။
“ညပိုင်းကြီး ကမ်းပါးပြိုကျတာဆိုတော့ တချို့အိမ်တွေ ပါသွားတယ်။ ကျန်တဲ့အိမ်တွေကတော့ ထပ်ပြိုနိုင်တဲ့ အနေအထားရှိလို့ ပြောင်းရွှေ့နေရတာပေါ့။ မိုးကလည်း တောက်လျှောက်ရွာနေတော့ လေးမြို့မြစ်ရေက တက်ပြီး ကမ်းပြိုကျတာပေါ့။”
ကမ်းပါးပြိုကျမှုကြောင့် မင်းပြားမြို့နယ်၊ လက်မရွာသစ်က ဘုန်းကြီးကျောင်းတကျောင်း၊ လူနေအိမ် ၁၁ လုံး၊ လက်မရွာဟောင်းက လူနေအိမ် ၂ လုံး၊ ကျွန်းတောရွာက လူနေအိမ် ၂၂ လုံး၊ ပိတောက်မြိုင်ရွာက လူနေအိမ် ၃ လုံးနဲ့ ဥယျာဉ်သာရွာက လူနေအိမ် ၁ လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း မင်းပြားမြို့မှာ လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူနေအိမ် ၂၀ ကျော်ခန့် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ နှစ်စဥ်ဆိုသလို မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးတာတွေ ရှိနေပေမဲ့ လက်ရှိအချိန်ထိ ထိထိရောက်ရောက် ကာကွယ်တားဆီး ထိန်းသိမ်းတာတွေ မလုပ်ဆောင်နိုင်သေးကြောင်း ဒေသခံတွေကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။