Home
မြန်မာသတင်း
မင်းပြားတွင် စစ်ကျန်လက်နက် ပေါက်ကွဲသဖြင့် ဖခင် သေဆုံးပြီး သမီး ဒဏ်ရာရ
DVB
·
April 7, 2024
MinByar MineVictims_07042024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် င/တင်ပျင်းကျေးရွာမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ဖခင် သေဆုံးပြီး သမီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ကျေးရွာအတွင်းမှာ မပေါက်ကွဲဘဲ ကျန်နေသေးတဲ့ဗုံးကို တူနဲ့ထုကြည့်ရာကနေ ပေါက်ကွဲသွားလို့ အဖေဖြစ်သူ နေရာမှာတင် သေသွားခဲ့ပြီး သမီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ င/တင်ပျင်း ကျေးရွာက အမျိုးသားတယောက်က ပြောပါတယ်။

“မနေ့က နေ့လယ်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ။ ရွာထဲက မပေါက်ကွဲသေးတဲ့ဗုံးကို မသိဘဲ ယူလာတာကနေ တူနဲ့ထုကြည့်ရာမှာ ပေါက်ကွဲသွားတာ။ အဖေဖြစ်သူကတော့ ပေါက်ကွဲတဲ့ နေရာမှာတင် သေသွားတယ်။ သမီးဖြစ်သူမှာလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာကြောင့် ဆေးကုသမှု ခံယူနေရတယ်” လို့ပြောပါတယ်။

စစ်ကျန်လက်နက်ပေါက်ကွဲမှုလို့ သေဆုံးသွားသူဟာ အသက် ၆၀ အရွယ် ဦးလှကျော်ခိုင် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသွားသူကတော့ အသက် ၂၈ နှစ်အရွယ် သူ့သမီး မခင်မာနွယ် ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့နေရာတွေမှာ မပေါက်ကွဲသေးတဲ့ မိုင်းတွေအပါဝင် စစ်ကျန်လက်နက်တွေ ကျန်နေသေးတာကြောင့် ပြည်သူတွေကို စစ်ကျန်လက်နက်တွေနဲ့ ပတ်သက်ပြီး အသိပညာပေးတွေပြုလုပ်ပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ​မိုင်းအသိပညာပေးမှုတွေ ပြုလုပ်ခဲ့သူတစ်ဦးကပြောပါတယ်။

“ရခိုင်က မြို့နယ်တိုင်းလိုလိုမှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေက ကျန်ရှိနေသေးမှာပဲ။ လတ်တလော တိုက်ပွဲဖြစ်သွားတဲ့ နေရာတွေက ဒေသခံတွေဆိုရင် ပိုပြီးသတိထားရမယ်။ အခု မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတိုင်းမှာ ပြည်သူတွေက အဲဒီပေါက်ကွဲလက်နက်တွေရဲ့အကြောင်းကို အသေးစိတ် မသိကြတာကြောင့်လည်း ပါဝင်ကြတယ်။ ပြည်သူတွေကိုတော့ တာဝန်ရှိသူတွေကပဲဖြစ်ဖြစ် အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် မိုင်းနဲ့ စစ်ကျန်လက်နက်တွေ နဲ့ပတ်သတ်ပြီး အသိပညာပေးဖို့ လိုအပ်တယ်" လို့ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလ ၄ လကျော်အတွင်း မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ၂၀ ကျော်အထိ ရှိလာပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေ အရသိရပါတယ်။

စစ်ကျန်လက်နက်နဲ့ မြေမြုပ်မိုင်း အန္တရာယ်တွေကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေ၊ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ နေရာတွေကို မသွားလာကြဖို့နဲ့ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းတွေနဲ့ စစ်အကြွင်းအကျန်တွေကို ကိုင်တွယ်ခြင်း မပြုလုပ်ကြဖို့ AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားတာတွေရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013