Home
နိုင်ငံတကာ
မက္ကဆီကို သံရုံးတွင် ခိုလှုံနေသည့် အီကွေဒေါ ဒု သမ္မတကို ဖမ်းဆီး
DVB
·
April 7, 2024
Ecuador's former Vice President Glas arrives at prison, in Guayaquil

မက္ကဆီကိုသံရုံးမှာ မနက်အစောပိုင်းက အဖမ်းခံရပြီးတဲ့နောက် အီကွေဒေါဒုသမ္မတဟောင်း ဟော်ဟေး ဂလက်စ်ကို ဧပြီ ၆ ရက်မနက်မှာ လုံခြုံရေးယာဉ်တန်းနဲ့ခြံရံပြီး အစိုးရရှေ့နေချုပ်ရဲ့ တပ်ဖွဲ့က ပြောင်ပြောင်တင်းတင်း ခေါ်ထုတ်လာခဲ့ပါတယ်။

အီကွေဒေါအာဏာပိုင်တွေက ဂလက်စ်ကို အကျင့်ပျက်ခြစားမှုနဲ့ ဧပြီ ၅ ရက်မှာ မက္ကဆီကို သံရုံးကနေ ဖမ်းဆီးခေါ်ထုတ်လာခဲ့တာဖြစ်ပြီး မက္ကဆီကိုနဲ့ အီကွေဒေါ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုင်းငံ့ထားဖို့လည်း လှုံ့ဆော်ခဲ့ပါတယ်။ 

ဂလက်စ်ဟာ ဒီဇင်ဘာလတုန်းက မက်ဆီကိုသံရုံးမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး သောကြာနေ့ အစောပိုင်းမှာ မက္ကဆီကိုအစိုးရက သူ့တောင်းဆိုချက်ကို ခွင့်ပြုပေးခဲ့ပါတယ်။

မက္ကဆီကိုရဲ့ ခိုလှုံခွင့်ကမ်းလှမ်းချက်က တရားမဝင်ဘူးလို့ အီကွေဒေါက ငြင်းဆိုခဲ့ပါတယ်။ 

မက္ကဆီကိုက  သမားရိုးကျ ဥပဒေဘောင်နဲ့ ဆန့်ကျင်ရင်း ဒုသမ္မတဟောင်းကို သံတမန်ရေးရာ ခိုလှုံခွင့်ပေးတာ၊ သံရုံးထဲမှာ လက်ခံထားတာဟာ သံတမန်လုပ်ငန်းအတွက် ပေးအပ်ထားတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်တွေနဲ့ အခွင့်ထူးတွေကို အလွဲသုံးစားလုပ်တာပဲလို့ ကြေညာချက်ထဲမှာ အီကွေဒေါသမ္မတက စွပ်စွဲခဲ့ပါတယ်။ 

ဒုသမ္မတကို ဖမ်းအပြီး အီကွေဒေါမြို့တော် ကွေတိုက တရားရုံးမှာ လုံခြုံရေး အကြီးအကျယ် ချထားခဲ့ပါတယ်။

အီကွေဒေါရဲတွေက မက်ဆီကိုသံရုံးကို ဝင်ရောက်စီးနင်းပြီးတဲ့နောက် မြို့တော်ကွေတိုက သံရုံးဝန်ထမ်းတွေ မက္ကဆီကိုနိုင်ငံဆီ ပြန်လာတော့မယ်လို့ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး အလီစီယာ ဘာစီးနာက ဧပြီ ၆ ရက်မှာ ပြောခဲ့ပါတယ်။ 

သံရုံးကိုစီးနင်းမှုဟာ သံရုံးရဲ့ သံတမန်ရေးဆိုင်ရာ အကာအကွယ်ပေးမှုကို ချိုးဖောက်ခြင်းနဲ့ ဝန်ထမ်းတွေအပေါ် "ရန်လိုခြင်း" ပဲလို့လည်း သူက ရုပ်မြင်သံကြားကနေ ပြောဆို ရှုတ်ချခဲ့ပါတယ်။ 

သံတမန်ဝန်ထမ်းတွေနဲ့ သံရုံးမိသားစုတွေအပါအဝင် လူ ၁၈ ဦးဟာ ပုံမှန်ခရီးသည်တင် လေယာဉ်နဲ့ မက္ကဆီကို စီးတီးမြို့ဆီ ဧပြီ ၇ ရက်မှာ ပြန်ရောက်လာမယ်လို့လဲ ဘာစီးနာက ပြောခဲ့ပါတယ်။

Source/Photo-REUTERS/Marcos Pin

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013