Home
မြန်မာသတင်း
ကြို့ပင်ကောက်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် တော်လှန်ရေးရဲဘော် ၄ ဦး ဒဏ်ရာရ
DVB
·
April 7, 2024
GyotPinKaut PDF Injuries_07042024

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမပေါ် တောင်နှလုံးပေါက်တောင်ပေါ်မှာ ဧပြီ ၅ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်က စစ်ကောင်စီ စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေး အင်အားစုဘက်က ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အင်အား ၆၀ ကျော်နဲ့ ဧပြီ ၃ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အလယ်ကင်း လက်နက်ကြီးအဖွဲ့နဲ့ တန်းတိုးတာကြောင့် စစ်ကောင်စီဘက်က ၆၀ မမနဲ့ ဆီးပစ်တာလို့ BTZM GBK PDF ပဲခူးရိုးမတပ်ဖွဲ့ရဲ့တပ်ခွဲတာဝန်ခံ တေဇမင်းက ပြောပါတယ်။

“နတ်တလင်းကို ထိုးသွားတဲ့ စစ်ကြောင်းက ပြန်ဆုတ်လာပြီးတော့ ဇီးကုန်းမြို့နယ်၊ ဘော်ဘင် ပျူစောထီးရွာမှာ အင်အားဖြည့်ပြီး တောင်နှလုံးပေါက်တောင်ပေါ်ကို စစ်ကြောင်းထိုးလာတာပါ။ အဲဒါကို ကျနော်တို့ဘက်က ကြိုသတင်းရလို့ စောင့်ပြီးပစ်တာပါ။ ကျနော်တို့ဘက်က ၃‌ ယောက်၊ နတ်စစ်သည် အဖွဲ့က ၁ ယောက်ထိတာပါ" လို့ ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေဘက်က ‌ခြေထောက်နဲ့ ကျောပြင်တွေကိုထိခိုက်ခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့လည်းသိရပါတယ်။

လက်ရှိမှာ တော်လှန်ရေးရဲဘော်တွေက ဆေးကုသမှုခံယူနေပြီး လက်နက်အင်အားမရှိတာကြောင့် တိုက်ပွဲမှာနောက်ဆုတ်ပေးလိုက်ရတာလို့လည်း တပ်ခွဲတာဝန်ခံ တေဇမင်းက ပြောပါတယ်။

“ပြောရရင်ဗျာ။ ၅ ရက်နေ့တိုက်ပွဲမှာ ကျနော်တို့ဘက်က အသာစီးရ‌နေတာ။ လက်နက်မရှိလို့ ဆုတ်ပေးရတာ။ သူတို့လာတာ ၆၀ ကျော် ကျနော်တို့ဝိုင်းထားတာ ၁၅၀ လောက်ကို လက်နက်မရှိလို့ ဘာမှထိရောက်အောင်မလုပ်နိုင်ဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း အရာတယောက် သေဆုံးတယ်လို့ ‌ဒေသခံတွေဆီကနေ သိရပြီး တိုက်ပွဲကို BTZM GBK PDF ပဲခူးရိုးမတပ်ဖွဲ့နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည် အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေကြောင့် ပဲခူးတိုင်း နတ်တလင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်မြို့နယ်တို့က စစ်ရှောင် ၁၀၀ ကျော်ကို BTZM GBK PDF အဖွဲ့က ကူညီထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013